လူရွှင်တော် ဒိန်းဒေါင်ကတော့ မြန်မာနိုင်ငံ လူရွှင်တော်များအသင်းရဲ့ ဥက္ကဌ ရာထူးကို (၃) နှစ်ဆက်တိုက် ရွေးချယ်ခံလိုက်ရတာဖြစ်တယ်လို့ ပြန်ကြားရေးမှူးဟောင်း ကိုကောင်းကျော်က ပြောပါတယ်။
Photo: Daing Daung
မြန်မာနိုင်ငံ လူရွှင်တော်များအသင်း ဥက္ကဌ အသစ်ကိုတော့ ဒီဇင်ဘာလ (၁၁) ရက်နေ့တုန်းက ရွေးချယ် တင်မြှောက်လိုက်ပြီလို့ သိရပါတယ်။ ဥက္ကဌ ရာထူးကိုတော့ လူရွှင်တော် ဒိန်းဒေါင်ကပဲ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှူးဟောင်း ကိုကောင်းကျော်က Duwun ကို ပြောပါတယ်။
“ ကိုဒိန်းဒေါင်က လူရွှင်တော်အသင်း စဖွဲ့ကတည်းက သူက ဥက္ကဌ တစ်ဦးပါ။ ပထမ သက်တမ်းရော၊ ဒုတိယသက်တမ်းရော ဥက္ကဌ ဖြစ်ခဲ့တာပါ။ ဒီနှစ်လည်း ပြန်ရွေးချယ်တော့ ဦးဒိန်းဒေါင်ကပဲ ဥက္ကဌ ပြန်ဖြစ်သွားပါတယ်။ (၃) နှစ်ဆက်တိုက် ဥက္ကဌပေါ့နော်။ လူရွှင်တော်အသင်း စတင်တည်ထောင်တာက လူရွှင်တော် သက်ကြီးတွေကို တစ်နှစ် တစ်ကြိမ် တတ်နိုင်သမျှ ကန်တော့မယ်၊ ထောက်ပံ့မယ်၊ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တဲ့ အခါမှာလည်း ဦးတို့ အသင်းက တတ်နိုင်တဲ့ လုပ်အားဒါန ၊ ငွေအားဒါန လှူတာတွေ၊ ရန်ပုံငွေ ရှာပေးတာတွေတော့ လုပ်ပေးဖြစ်တယ်” လို့ သူက ဆိုပါတယ်။
Photo: Kaung Kyaw
၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ လူရွှင်တော် အသင်း ဥက္ကဌ တာဝန်ကို ထမ်းဆောင်သွားမယ့် လူရွှင်တော် ဒိန်းဒေါင် က တကယ်ကို စေတနာကောင်းမွန်တဲ့ ဥက္ကဌ တစ်ဦးဖြစ်တယ်လို့လည်း ကိုကောင်းကျော်က ပြောပါတယ်။
“ ကိုဒိန်းဒေါင်က နဂိုကတည်းက စိတ်စေတနာ ကောင်းပြီးသားပါ။ သူကိုယ်တိုင်လည်း လူရွှင်တော်အသင်းကြီး အဆင်ပြေအောင် တတ်နိုင်သမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစား ဆောင်ရွက်ပေးနေပါတယ်။ ရှေ့ဆက်ပြီးတော့ မျှော်လင့်ချက်ဆိုတာထက် ဒီ ပရဟိတအသင်းကြီး ရေရှည်တည်တံ့ဖို့၊ခိုင်မြဲဖို့၊ နှစ်စဉ် ကန်တော့ နိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်စေချင်တဲ့ သဘောပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Daing Daung
လူရွှင်တော် အသင်းရွေးကောက်ပွဲကိုတော့ ဒီဇင်ဘာလ (၉) ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ လူရွှင်တော် အသင်းမှာ တာဝန်ထမ်းဆောင်မယ့် သူတွေကတော့ ဦးဒိန်းဒေါင် (ဥက္ကဌ)၊ ကိုအုန်းသီး (ဒုဥက္ကဌ) ၊ ကိုပိုးလေး (အတွင်းရေးမှူး ၁) ၊ ကိုကံပွင့် (အတွင်းရေးမှူး ၂) ၊ ကိုချက်ကြီး (ဘဏ္ဍာရေးမှူး)၊ ကိုချစ်ချော (စာရင်းစစ်)၊ ကိုမျောက်ရှုံး (စည်းရုံးရေးမှူး)၊ ကို စိစိ နဲ့ ကိုစူပါတို့ကတော့ အဖွဲ့ဝင်တွေ၊ ကိုစိန်ပန်းသီး(ပြန်ကြားရေး)၊ ကိုအောင်ချစ်(တွဲဖက်ပြန်ကြားရေး) အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်က စပြီး တာဝန်ရပ်ဆိုင်းလိုက်တဲ့ လူရွှင်တော် တွေထဲမှာတော့ လူရွှင်တော် အသင်း ဒုဥက္ကဌရာထူးကနေ ရပ်နားလိုက်တဲ့ ကိုနောက်တိုး ၊ အတွင်းရေးမှူး တာဝန်ကနေ ရပ်နားလိုက်တဲ့ ကိုအောင်သော် ၊ တွဲဖက် အတွင်းရေးမှူး တာဝန်ကနေ ရပ်နားလိုက်တဲ့ ကိုပန်းသီး ၊ ပြန်ကြားရေးမှူး တာဝန်ကနေ ရပ်နားလိုက်တဲ့ ကိုကောင်းကျော် ၊ ဘဏ္ဍာရေးမှူး နေရာကနေ ရပ်နားလိုက်တဲ့ ဦးရေချမ်း၊ အဖွဲ့ဝင် နေရာကနေ ရပ်နားလိုက်တဲ့ လူရွှင်တော် ပီယ တို့ပဲ ဖြစ်ပါတယ်။
Photo: လူရွှင်တော် အသင်
ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
Share