သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။

ငြိမ်းချမ်းကတော့ မွေးနေ့နား နီးလာမှ ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားခဲ့တဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Nyein Chan



လူရွှင်တော် ငြိမ်းချမ်းကတော့ ဒီဇင်ဘာလ (၁၇) ရက်နေ့ဆိုရင် အသက် ၆၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူဟာ မွေးနေ့မှာ ကိုယ်တိုင် ကိုယ်ကျ အလှူအတန်းတွေ လုပ်ဖို့ ကျန်းမာရေး မကောင်းဖြစ်နေတဲ့အတွက်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

“ မွေးနေ့ကတော့ ဘာအစီအစဉ်မှ လုပ်ဖို့ မစဉ်းစားထားသေးဘူး။ သားသမီးတွေကတော့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေးကြမယ်ပေါ့။ မွေးနေ့ နားနီးမှ ကိုယ့်ကျန်းမာရေးက အခုလို ဖြစ်လာတော့ ဘယ်တတ်နိုင်မလဲပေါ့နော်။ ဖြစ်ချိန်တန်လို့ ဖြစ်လာတယ်လို့ပဲ မှတ်ပါတယ်။ ဒီလိုပဲ တွေးရတော့မှာပေါ့။ အသက်ကတော့ (၆၂) နှစ်ပြည့်တာပါ။ မွေးနေ့ဆုတောင်းပေးမယ့် ပရိသတ်တွေကိုလည်း ကြိုပြီးတော့ ကျေးဇူးတင်ပါတယ်။ ကိုဗစ် ပြီးရင်လည်း အနုပညာအလုပ်တွေနဲ့ ပရိသတ်ကို ဖျော်ဖြေပေးချင်ပါသေးတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Nyein Chan

ငြိမ်းချမ်းဟာ တန်ဆောင်မုန်းလပြည့်နေ့ မနက် အစောပိုင်းက ရွှေတိဂုံ စေတီတော်ကြီးမှာ ချွန်တွန်းပရဟိတအသင်းသားတွေနဲ့ အတူ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပြီး အိမ်ပြန်ရောက်တဲ့ အချိန်မှာ ရုတ်တရက် မျက်နှာတစ်ခြမ်းလေဖြန်းသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိ အခြေအနေကိုလည်း ဆက်လက် ပြောပြလာပါတယ်။ 

“ မျက်နှာ လေဖြန်းထားတဲ့ ဟာက နည်းနည်းတော့ သက်သာလာပါပြီ။ မြန်မာဆရာရော၊ အင်္ဂလိပ်ဆရာ ရော နဲ့ ကုသနေပါတယ်။ စကားပြောတာကလည်း အရင်ကထက် နည်းနည်း သွက်လာပါပြီ။ ရာသီဥတုကလည်း အေးလာတယ် ဆိုတော့ ဂရုစိုက်နေရတယ်။ အရမ်းကြီး ထူးထူးခြားခြား ကောင်းလာတာ မျိုးတော့ မရှိသေးဘူး။ တဖြည်းဖြည်းတော့ တိုးတက်လာပါပြီ။ ပရိသတ်ပို့သတဲ့ မေတ္တာကြောင့် ဦးငြိမ်းချမ်း ရဲ့ ကျန်းမာရေး ကောင်းလာမှာပါ။” လို့ ဆိုပါတယ်။ 

Photo: Nyein Chan

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ " သောက်မလား ကို့ ... ရေခဲရေ .. ရေခဲရေ" ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က