‌ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေရာတွေအတွက် စိတ်မကောင်းဟု သမ္မတဆို

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက နယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပနိုင်တဲ့ အခြေအနေရောက်အောင် သက်ဆိုင်တဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

(၂၀၂၀) ပြည့်နှစ် ဒီဇင်ဘာ (၁၅) ရက်မှာကျရောက်တဲ့ (၄၆) ကြိမ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။



သမ္မတ ဦးဝင်းမြင့်က လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေး အခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ရခိုင်ပြည်နယ်က နယ်မြေဒေသတွေ၊ အဆိုပါ နယ်မြေဒေသတွေက ပြည်သူတွေအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ မိမိတို့နိုင်ငံမှာ တိုင်းရင်းသားတွေအားလုံး မိမိတို့ လိုလားချက်တွေကို ရွေးချယ်ခံကိုယ်စားလှယ်တွေက တစ်ဆင့် လွှတ်တော်အသီးသီးမှာတင်ပြတောင်းဆိုနိုင်တယ်လို့လည်း သမ္မတဦးဝင်းမြင့်က ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအစည်းအဝေးတွေမှာလည်း တွေ့ဆုံညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ဖွင့်ထားပြီး တိုင်းရင်းသားအခွင့်အရေးတွေအတွက် လက်နက်ကိုင်နည်းလမ်းတွေနဲ့ တောင်းဆိုတာက ဒေသခံပြည်သူတွေကို ထိခိုက်အနစ်နာဆုံးဖြစ်စေတာကို သက်ဆိုင်သူတွေ အားလုံး သတိပြုသင့်ကြောင်းကိုလည်း သမ္မတက သတိပေးပြောကြားခဲ့ပါသေးတယ်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအတွက် သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ရာမှာ (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက နယ်မြေအချို့မှာ ဒီဇင်ဘာ (၃၁) ရက်မတိုင်မီ ရွေးကောက်ပွဲကျင်းပပေးစေလိုတဲ့ AA အဖွဲ့ရဲ့ ကြေညာချက်ကို တပ်မတော်က ကြိုဆိုပါကြောင်းနဲ့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးလို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေရဲ့ အနာဂတ်ဘ၀ သာယာဖြောင့်ဖြူးရေးကို ဖော်ဆောင်တဲ့အချိန် ရခိုင်တိုင်းရင်းသားတွေနဲ့ အတူ ထာဝစဉ်လက်တွဲ ဖော်ဆောင်သွားမယ်လို့လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကလည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားအတွက် သဝဏ်လွှာပေးပို့စဉ် ထည့်သွင်းပြောကြားထားပါတယ်။

Share

Loading Next Article...
က္က