ဇာခါဟာ အသင်းမှာ စည်းကမ်းပိုင်းဆိုရာ မကြာခဏ ပြဿနာတက်နေသူဖြစ်ပြီး အသင်းခေါင်းဆောင် နေရာကိုလည်း စည်းကမ်းပိုင်းအားနည်းလို့ ဖယ်ပေးခဲ့ရကာ အခုလည်း မလိုလားအပ်တဲ့ ပြစ်ဒဏ်တွေကြောင့် အသင်းရလဒ်များစွာ ထိ ခိုက်နေရတဲ့အပေါ် ဝေဖန်ခံနေရသူပါ။
အာဆင်နယ်အသင်းက ဆွစ်ဇာလန် ကွင်းလယ်လူ ဇာခါဟာ ဘန်လေနဲ့ပွဲက အနီကဒ်ပြစ်ဒဏ်အတွက် ပွဲပယ်ပြစ်ဒဏ် အပြင် အသင်းမှာ ၎င်းရဲ့ နေရာကိုပါ ပျောက်ဆုံးရမလို ဖြစ်နေပါပြီ။
ဇာခါအနေနဲ့ တနင်္ဂနွေနေ့က ဘန်လေနဲ့ပွဲမှာ ပြိုင်ဖက်ကစားသမားတစ်ဦးရဲ့ လည်ပင်းကို ညစ်သလို ရိုင်းပြတဲ့ အပြုအမူ ပြုခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်ပြသခံခဲ့ရတာ ဖြစ်ပြီး ကစားသမားရဲ့ အပြုအမူအတွက် လက်ခံနိုင်စရာ မရှိဘူးလို့ လည်း အာဆင်နယ်အသင်း နည်းပြချုပ် အာတီတာက ထုတ်ဖော်ပြောလာပါတယ်။
ဒါကြောင့် လက်ရှိမှာလည်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Mail ရဲ့ ဖော်ပြလာချက်အရ ဇာခါကို အာ ဆင်နယ်အသင်းက ကမ်းလှမ်းတဲ့အသင်းမျှော်နေပြီလို့လည်း သိရပါတယ်။
ဇာခါထွက်လိုက်ရတာဟာ ဘန်လေကို အာဆင်နယ်ရှုံးဖို့အတွက် အဓိက သော့ချက်ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ဝေဖန်မှုတွေ မြင့်တက်နေခြင်းကလည်း ဇာခါကို ထုတ်ပယ်ဖို့ အကြောင်းပြချက်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
ကစားသမားတွေကို စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်သတိပေးထားကြောင်းလည်း အာဆင်နယ်အသင်း နည်းစနစ်ဒါရိုက်တာ အီဒူက ထုတ်ဖော်ပြောလာပါတယ်။
“တစ်ခါတရံမှာ စိတ်ခံစားချက် ပြင်းထန်ပြီး စည်းကမ်းချိုးဖောက်သလို ဖြစ်လာခဲ့ရင် လူတိုင်း ချမှတ်ထားတဲ့စည်းကမ်း အတိုင်း ရင်ဆိုင်တွေ့ကြမှာ ဖြစ်လို့ ဘယ်သူဘယ်ဝါရယ်လို့ တိုက်ရိုက်မဆိုလိုချင်ပါဘူး။ကိုယ့်အနေနဲ့ ဒေါသထွက်တော့ မယ်ဆိုရင် ရှေ့ကလူတွေဘယ်လို အဆုံးသတ်ခဲ့လဲဆိုတာ ကြည့်ပြီး မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။”လို့ အီဒူက ဆိုပါ တယ်။
ဇာခါအနေနဲ့ကတော့ အစောပိုင်းတုန်းက အသင်းရဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရခဲ့ပေမယ့်လည်း စည်းကမ်း မကောင်းတဲ့အတွက်ကြောင့် ပရိသတ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အသင်းခေါင်းဆောင်ရာထူးကို အူဘာမီယန်း ထံလွှဲပြောင်းပေးခဲ့ရသူပါ။
ဒါ့အပြင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်လည်း အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အွန်နရီကိုယ်တိုင် ဇာခါ အသင်းခေါင်းဆောင်အဖြစ်ပါဝင်တဲ့ပွဲကိုမကြည့်နိုင်လို့ တီဗွီချက်ခြင်း ပိတ်ပစ်ဖူးတယ်လို့ ပြင်သစ်ကစားဖော် အီဗရာက ထုတ်ဖော်ပြောလာတာ ရှိပါသေးတယ်။
ဒါတွေဟာ ဇာခါအတွက် အာဆင်နယ်အသင်းမှာ ကောင်းမွန်တဲ့ အလားအလာမဟုတ်ပဲ အသင်းနဲ့ ဆက်လက် ရပ်တည် ချင်တယ်ဆိုရင်တော့ အခြေခံကျတဲ့ စည်းကမ်းလိုက်နာမှုကို မဖြစ်မနေ အလေးပေးဖို့ လိုနေပြီလို့ ဆိုရမှာပါ။
လက်ရှိမှာလည်း အာဆင်နယ်အသင်းဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေပြီး နှစ်ပေါင်း ၆၀အတွင်း ပထမဆုံး အိမ်ကွင်း ၄ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
အမှတ်ပေးဇယားမှာလည်း တန်းဆင်းဇုန်နဲ့ ၅မှတ်သာကွာတဲ့ အဆင့် ၁၅မှာရပ်တည်နေပြီး နည်းပြ အာတီတာအတွက် အခက်ခဲဆုံး အခိုက်အတန့်နဲ့ ရင်ဆိုင်နေရတာပါ။
Share