စပိန်မှာ နွေရာသီကာလနောက်ပိုင်း COVID-19 ကူးစက်မှု ဒုတိယလှိုင်းအတွင်း ကူးစက်ခံရမှု နှစ်ဆနီးပါး မြင့်တက်လာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့် သို့မဟုတ် လူဦးရေ ၄.၇ သန်း ကူးစက်ခံခဲ့ရတယ်လို့ ပဋိပစ္စည်းလေ့လာမှုက ဖော်ပြပါတယ်။
(Photo: Getty Images)
နောက်ဆုံးပြုလုပ်ခဲ့တဲ့ နိုင်ငံတစ်ဝန်း ပဋိပစ္စည်း လေ့လာဆန်းစစ်မှု ရလဒ်များအရ တွေ့ရှိရတဲ့ ကူးစက်ခံရသူဦးရေကို ယမန်နေ့ (ဒီဇင်ဘာ ၁၅ ရက်) မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္တပတ်အတွင်း စပိန်နိုင်ငံတစ်ဝန်း လူ ၅၁,၄၀၀ ကျော်ကို ပဋိပစ္စည်းစစ်ဆေးမှုနဲ့ မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ရာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ တရားဝင် အတည်ပြုထားတဲ့ ၁.၇၅ သန်းကျော်ထက် များစွာပိုမိုနေခဲ့တာ တွေ့ရပါတယ်။
"စပိန်မှာ လူ ၁၀ ယောက်မှာ တစ်ယောက်က ကူးစက်ခံခဲ့ရလိမ့်မယ်" လို့ ယခု လေ့လာမှုကို တွဲဖက်ဦးဆောင်ခဲ့သူ Carlos III Health Institute မှ ညွှန်ကြားရေးမှူး Raquel Yotti က ပြောပါတယ်။ မက်ဒရစ်မြို့ဟာ စပိန်နေရာအားလုံးအနက် ကူးစက်ပျံ့နှံ့မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး မြို့လူဦးရေရဲ့ ၁၈.၆ ရာခိုင်နှုန်းထံမှာ COVID-19 ပဋိပစ္စည်းများ တွေ့ရှိခဲ့ရပါတယ်။
(Photo: Getty Images)
ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ ဧပြီမှ ဇွန်လအထိ လူဦးရေ လူ ၇၀,၀၀၀ နီးပါးကို ပဋိပစ္စည်း လေ့လာမှုရလဒ်မှာတော့ စပိန်လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကျော် COVID-19 ကူးစက်ခံခဲ့ရနိုင်ကြောင်း တွေ့ရှိထားခဲ့ပါတယ်။ ယခုနောက်ဆုံး ပဋိပစ္စည်း စစ်ဆေးလေ့လာမှုမှာတော့ စပိန်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စပိန်ဟာ ဥရောပမှာ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အဆိုးဆုံး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ပြန်မှုအရ စပိန်မှာ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၃၈၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေ ၄၈,၄၀၁ ဦးရှိလာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဒီဇင်ဘာ ၁၅ ရက်) ထုတ်ပြန်မှုအရ စပိန်မှာ ကူးစက်ခံရသူ ၁၀,၃၂၈ ဦး တိုးလာခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၁.၇ သန်းကျော် (၁,၇၆၂,၂၁၂ ဦး) ရှိလာခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
(Photo: Reuters)
စပိန်မှာ ကူးစက်မှုဒုတိယလှိုင်း ဖြစ်ပွားလာခဲ့ပြီးနောက် အောက်တိုဘာလအတွင်း ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ကာ ညမထွက်ရအမိန့်ကဲ့သို့ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်များ သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် စပိန်မှာ ယခုလအတွင်း ကူးစက်မှုအသစ် တွေ့ရှိရမှုနှုန်းကို လူ ၁၀၀,၀၀၀ မှာ ၂၀၀ အောက်သို့ လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။