ကိုဗစ်ရောဂါကြောင့် သေဆုံးမှုက (၂ ဒဿမ ၁ ) ရာခိုင်နှုန်းရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူဦးရေတစ်သန်းမှာ လူနာ (၄၁) ဦးသေဆုံးနေပြီး ကိုဗစ်ရောဂါဖြစ်ပွားသေဆုံးနေတဲ့ ကမ္ဘာ့နိုင်ငံ (၂၃၀) အနက် (၁၂၉) နိုင်ငံမြောက်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုးကားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖော်ပြပါတယ်။



ကိုဗစ်ကြောင့် သေဆုံးနေတဲ့ ကမ္ဘာ့နိုင်ငံ (၁၂၈) နိုင်ငံကတော့ လူဦးရေ တစ်သန်းမှာ လူနာ (၄၂) ဦးကနေ (၁,၆၆၇) ဦးသေဆုံးနေတယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေ တစ်သန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက (၁,၉၇၁) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ (၂၃၀) အနက် (၁၄၁) နိုင်ငံမြောက်ဖြစ်ပြီး ကျန်ရှိတဲ့ (၁၄၀) နိုင်ငံရဲ့ လူဦးရေ တစ်သန်းမှာ ကိုဗစ်ဖြစ်ပွားသူက (၂,၀၇၆ ဦး မှ ၉၀,၄၅၀ ဦး) ဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်းရှိတာကြောင့် ကိုဗစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေထဲမှာ အဆင့် (၆၈) နေရာမှာရှိနေပြီး (၆၇) နိုင်ငံကတော့ အတည်ပြုလူနာ (၂) သိန်းနီးပါးကနေ (၁၅) သိန်းကျော်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားသေဆုံးမှုတွေကို လူဦးရေ အချိုးအစားနှင့် မတွက်ဘဲ ကိန်းဂဏန်းအနည်းအများနဲ့ ဆန်းစစ်မယ်ဆိုပါက ကိုဗစ်လူနာ သေဆုံးမှုက (၂,၀၀၀) ကျော်ရှိတာကြောင့် ကမ္ဘာ့နိုင်ငံတွေထဲမှာ (၅၇) နိုင်ငံမြောက်ဖြစ်နေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုက (၂ ဒဿမ ၁ ) ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ (၇၂) နိုင်ငံမြောက်ဖြစ်ကာ (၇၁) နိုင်ငံကတော့ ကိုဗစ်ကြောင့်သေဆုံးမှု ရာခိုင်နှုန်း (၂ ဒဿမ ၂ ) ရာခိုင်နှုန်းကနေ (၂၉ ဒဿမ ၁ ) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါဖြစ်ပွားသေဆုံးမှုတွေက အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံပြီးရင် တတိယအများဆုံးနိုင်ငံဖြစ်နေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ (၁၅) ရက် ည (၈) နာရီထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ရောဂါဖြစ်ပွားသူ စုစုပေါင်း (၁၁၀,၆၆၇) ဦးရေနဲ့ သေဆုံးသူ (၂,၃၁၉) ဦးရေရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၈၉,၄၁၈) ဦးရေရှိတာကြောင့် အမှန်တကယ်ဆေးရုံတက်ကုသနေသူက (၁၈,၉၃၀) ဦး ရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က