ဝါဆိုမိုးဦးကတော့ ချစ်သူသက်တမ်း (၅) နှစ်အကြာ လက်တွဲလာတဲ့ ဖြိုးလေး နဲ့အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။
Photo: War So Moe Oo
အဆိုတော် ဖြိုးလေး (Snare) နဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၅) နှစ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၅) နှစ်တာ ကာလအတွင်းမှာ ပြောင်းလဲမှုလေးတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။
“ ဝါဆိုရော ကိုဖြိုးလေးရောက အေးအေးဆေးဆေးနေကြတဲ့ သူတွေဖြစ်တော့ ချစ်သူသက်တမ်း (၅) နှစ်မှာလည်း ပြောင်းလဲသွားတာ မရှိပါဘူး။ အဓိက ကတော့ အခုချိန်မှာ အလုပ်တွေ လုပ်ဖို့အတွက်ပဲ နှစ်ယောက်စလုံးက ဦးစားပေးကြတယ်။ ကောင်းသည်ဆိုးသည်ဖြစ်စေ တိုင်ပင်ကြတယ်။ အရင်တုန်းကလောက် ရန်ဖြစ်တာလည်း မရှိဘူး၊ မောင်နှမလို သူငယ်ချင်းလိုမျိုးဖြစ်သွားတယ်။ ကြာလာတော့လည်း ပိုချစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။
Photo: War So Moe Oo
သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကိုတော့ ပရိသတ်တွေ ကြားရဦးမှာ မဟုတ်သေးဘူးလို့ ဝါဆိုမိုးဦးက ပြောပါတယ်။
“ ချစ်သူဘဝလေးတော့ နေချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဝါဆိုက ငယ်ငယ်တုန်းက အရမ်းထိန်းချုပ်တာ ခံခဲ့ရတာ ဆိုတော့ အခုလို ရည်းစားဘဝလေးကို ပျော်ပျော်နေချင်သေးတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးမှာ ကိုယ်စီ ပန်းတိုင်လေးတွေ ရှိနေသေးတဲ့ အတွက် အဲဒီအထိ ရောက်အောင် လျှောက်ကြဦးမယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: War So Moe Oo
ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၅) နှစ်တာ ခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်း ဖေးမကူညီပေးတာတွေ တွေ့ရသလို အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကိုတော့ နောက် (၃) နှစ်နေမှသာ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း Duwun အင်တာဗျူးမှာ ဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။