G ကတော့ ပရဟိတအလုပ်တွေ လုပ်နိုင်ဖို့၊ ဖခင်ကို ပိုက်ဆံ အပ်နိုင်ဖို့ အလုပ်တွေ ကြိုးစားနေတယ်လို့ ပြောပါတယ်။
Photo: Amazing Grace
G ကတော့ သူဌေးသမီးတစ်ယောက်ဆိုပေမယ့် သူကိုယ်တိုင် ကြိုးစားပြီးတော့ ရလာတဲ့ ငွေကြေးတွေကို မိဘတွေဆီ ပေးချင်တယ်လို့ ပြောပါတယ်။ သူဖြစ်ချင်တဲ့ အလှူအတန်းတွေ လုပ်နိုင်ဖို့အတွက်လည်း ပိုက်ဆံ ရှာနေတယ်လို့ ဆိုပါတယ်။
“ ညီမအနေနဲ့ အဖေ့ကို ပိုက်ဆံ ပြန်အပ်ချင်တယ်၊ အဖေက တစ်သက်လုံးအရမ်းကြိုးစားပြီးတော့ မိသားစု အကုန်လုံးကို လုပ်ကျွေးခဲ့တာဆိုတော့ လစာလေး အပ်ချင်တယ်။ ရှင်သန်ရေး လူမှုကယ်ဆယ်ရေး အသင်းကိုလည်း ဒီ့ထက် အများကြီး ပိုလှူနိုင်အောင် ပိုက်ဆံရှာနိုင်ချင်တယ်။ ညီမဘဝမှာ ပရဟိတ လုပ်ချင်တဲ့ စိတ်က အရေးကြီးဆုံး နံပတ် (၁) ပါ။ အခုလည်း လူနာတင်ယာဉ် တစ်စီး လှူနိုင်ဖို့ ပိုက်ဆံ စုနေတယ်။” လို့ သူက Duwun ကို ပြောပါတယ်။
Photo: Amazing Grace
G ကို The Voice Myanmar (Season-3) သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ သိလာခဲ့တာ ပါ။ အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုလေးတွေ ရှိလာပြီလို့လည်း သူက ဆိုပါတယ်။
“ညီမလေ အရင်တုန်းကဆိုရင် နာမည် မကြီးချင်ဘူး။ အဖေ့ ပုံရိပ်အောက်ကနေ နာမည် ရလာမယ်လို့ ထင်ခဲ့တာ အဲဒီအခါကျရင် ကောင်းကောင်းမွန်မွန်နဲ့ သူဖြစ်စေချင်တဲ့ ပုံစံအတိုင်း နေရမယ်လို့ ထင်ခဲ့တာ အဲဒီလို ဖြစ်မှာကိုလည်း ကြောက်တယ်။ ဒါပေမယ့် ကိုယ်က စုတ်စုတ်ပြတ်ပြတ်နဲ့ နာမည်ကြီးလာတာ ဆိုတော့ ဒီအတိုင်း ဆက်နေလို့ရတယ်။ အခုလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရပါပြီ ကိုယ့်ကိုယ်ကိုယ်လည်း ထူးထူးခြားခြားကြီး ထိန်းသိမ်းနေစရာ မလိုဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Amazing Grace
G ရဲ့ နာမည်အရင်းကတော့ သက်ရတနာကျော်ဝင်း ဖြစ်ပါတယ်။ သူမဟာ ရွှေနန်းတော် ပိုင်ရှင်နှစ်ဦးရဲ့ တစ်ဦးတည်းသော သမီးဆိုလည်း မမှားပါဘူး။ ဒါ့အပြင် အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမ အရင်းလေးပါ။ လက်ရှိမှာတော့ G ကို အဆိုတော် တစ်ယောက်အနေနဲ့ ပရိသတ်တွေက ချစ်ခင်အားပေးလာကြတာကို တွေ့ရပါတယ်။ G ကိုယ်တိုင်ကလည်း ပရဟိတအလုပ်သာမက ဂီတ အလုပ်တွေလည်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။