ပြည်တွင်းလေကြောင်းလိုင်းနဲ့ ခရီးသွားမယ့်သူတွေအနေနဲ့ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ပန်းလှိုင်ဆေးရုံနဲ့ လမ်းမတော်မြို့နယ်ရှိ N Health Myanmar ဓာတ်ခွဲခန်းတို့မှာ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးနိုင်တော့မယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရပါတယ်။
မကြာမီမှာ ခွင့်ပြုသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ပြည်တွင်းလေကြောင်းခရီးသည်တွေကို ရန်ကုန်မြို့မှာဆိုရင် ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားအနီးက တိုးရစ်ဘားမားအဆောက်အအုံနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းက ဒေသန္တရကျန်းမာရေးဌာနတို့မှာ ကိုဗစ်ပိုးစစ်ဆေးပေးနေပြီး ပုဂ္ဂလိကဘက်က အဆင့်သင့်ဖြစ်ပါက လက်ရှိစစ်ဆေးနေတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်မှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
“ပုဂ္ဂလိကဘက်က အဆင့်သင့်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဌာနနှစ်ခုက စစ်ဆေးနေတာကိုရပ်လိုက်မှာပါ။ ပြီးရင် ပုဂ္ဂလိကဘက်က စစ်ဆေးသွားဖို့ လျာထားတာဖြစ်ပါတယ်” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။
အဆိုပါ ပုဂ္ဂလိက နေရာ (၂) ခုမှာ စစ်ဆေးနိုင်ဖို့ အတွက် မကြာမီမှာ ခွင့်ပြုသွားမှာဖြစ်ပြီး ဆေးစစ်ခကိုတော့ ပုဂ္ဂလိကဘက်က သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းပေးရမှာဖြစ်ပြီးတော့ သင့်တင့်တဲ့ဈေးနှုန်းဖြစ်ဖို့ အကြံပြုထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- လေယာဉ်ခရီးသည်တွေကို ဒီဇင်ဘာ (၁၅) ရက်က ကိုဗစ်ပိုးစစ်ဆေးနေစဉ်။
“ ပုဂ္ဂလိက မှာစစ်ရင် သူတို့သတ်မှတ်တဲ့ဈေးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က သင့်တင့်တဲ့ဈေးနှုန်း ဖြစ်ဖို့အကြံပြုထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်တွင်းခရီးသွားတွေကို Test Kit နဲ့ တစ်ခါစစ်လို့ရှိရင် တစ်သောင်း ယူပါတယ်။ PCR နဲ့ စစ်တဲ့အခါဆိုရင်တော့ သုံးသောင်းခွဲသတ်မှတ်ထားတာလည်း ရှိပါတယ်။ ဒီအတိုင်းပေးဆောင်ပြီးတော့ ဆောင်ရွက်သွားဖို့ လိုပါတယ်။ ခရီးသည်တွေကို မေတ္တာရပ်ခံချင်တာကတော့ လက်ရှိ နှစ်နေရာမှာ ဆောင်ရွက်နေတဲ့အခါမှာ သွားတဲ့အခါမှာလည်း လူစုလူဝေး မဖြစ်အောင် ဒါလည်းပဲ စနစ်တကျ လုပ်ပေးဖို့ လိုပါတယ်။” လို့ ဒေါက်တာထွန်းမြင့်က ဆက်လက်ပြောပါတယ်။
လက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးနေတဲ့ တိုးရစ်ဘားမားအဆောက်အအုံနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းက ဒေသန္တရ ကျန်းမာရေးဌာနတို့မှာ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးတဲ့အခါမှာ RDB Test Kit တွေနဲ့စစ်ဆေးရင် ကျပ်တစ်သောင်းနှုန်းကုန်ကျမှာဖြစ်ပြီး RT-PCR နည်းနဲ့ စစ်ဆေးပါက သုံးသောင်းခွဲကျပ်ကုန်ကျမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ခရီးသွားမယ့်သူတွေအနေနဲ့ ပိုးရှိ၊မရှိကို (၃၆) နာရီအတွင်းစစ်ဆေးရမှာဖြစ်ပြီး ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ရတဲ့သူတွေသာ လေကြောင်းခရီးသွားခွင့်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ (၁၆) ရက်မှာ ပြန်လည်ပြေးဆွဲခဲ့တဲ့ ပြည်တွင်းလေကြောင်းခရီးအတွက် စီးနင်းမယ့် ခရီးသည်တွေကို ဒီဇင်ဘာ (၁၅) ရက်ကစတင်ကာ ကိုဗစ်ပိုးစစ်ဆေးပေးခဲ့ပြီး ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းပြည်နယ်တွေက မြို့ကြီးတွေမှာ စစ်ဆေးပေးနေတယ်လို့လည်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။
Share