ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘက်ပေကို ဇန်နဝါရီ(သို့)လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြန်လည်ကြိုးပမ်းလာမယ်လို့ AS သတင်းဌာနကဖော်ပြပါတယ်။
အသက်၂၁နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၂၂မှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအနေနဲ့လည်း စာချုပ်သစ်အတွက်ဆွေးနွေးမှုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးတိုက်စစ်မှူးနေမာနဲ့လည်းစာချုပ်သက်တမ်း ၁၈လသာကျန်ရှိတော့တဲ့အတွက် လက်လွှတ်ရမှာစိုးရိမ်နေပြီး နေမာ၊အမ်ဘက်ပေအတွဲကို စံချိန်တင်လစာနှုန်းထားနဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့လည်း ပြင်သစ်မီဒီယာတွေကဖော်ပြနေကြပါတယ်။
အမ်ဘက်ပေကို လီဗာပူးလ်အသင်းကလည်းချိတ်ဆက်နေပြီး ပြင်သစ်မှာတော့ အပြောင်းအရွှေ့သတင်းတွေက အတော်လေးကို ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတာကို သတင်းတွေအရသိရပါတယ်။ အမ်ဘက်ပေရဲ့အပြောင်းအရွှေ့ဟာ မိသားစုအပေါ်အများကြီးမူတည်နေတယ်လို့လည်း ကစားဖော်အီတလီကွင်းလယ်ကစားသမား ဗာရတ်တီကလည်းဆိုပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ နေမာ၊ အမ်ဘက်ပေအတွဲကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် အစားထိုးဖို့အတွက် ဘာစီလိုနာအသင်းရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီကို အစားထိုးခေါ်ယူဖို့အတွက်ကြိုးပမ်းနေတယ်လို့လည်းသတင်းထွက်နေပါတယ်။ အမ်ဘက်ပေဟာ ၂၀၁၇မှာ မိုနာကိုကနေ ပီအက်စ်ဂျီကိုပြောင်းလာပြီးနောက်ပိုင်း အသင်းအတွက် ပွဲ၁၄၀မှာ ၁၀၃ဂိုးသွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅၉ကြိမ်အထိလုပ်ထားနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။