ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းအခြေအနေ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ မီဒီယာတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ ဆေးရုံကုတင်နေရာ စောင့်ဆိုင်းနေစဥ်အတွင်း COVID-19 ရောဂါခံစားနေရသူ ခြောက်ဦး သေဆုံးခဲ့ကြောင်းနဲ့ ရာနဲ့ချီပြီး ဆေးရုံမတက်နိုင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းအခြေအနေ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ မီဒီယာတွေက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ပြောပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ လတ်တလော သီတင်းများအတွင်း ကူးစက်မှုတွေ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။ ယနေ့ ထုတ်ပြန်ချက်အရလည်း ကူးစက်ခံရသူ နောက်ထပ် ၁,၀၆၂ ဦး တိုးလာခဲ့ရာ နေ့အလိုက် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက ကူးစက်မှုထိန်းချုပ်ရေး ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်များ သတ်မှတ်ရမယ့်အရေး ပူပန်နေပြီး ပိတ်ထားရမယ့် ညွှန်ကြားချက်တွေကို ရှောင်လွှဲရန်ကြိုးပမ်းတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ရပ်ဟာ လက်ခံလို့မရကြောင်း သတိပေးခဲ့ပါတယ်။



တောင်ကိုရီးယားမှာ နေ့အလိုက် ကူးစက်မှုများ ၁,၀၀၀ အထက် တိုးလာခဲ့ခြင်းဟာ ပထမဆုံးအကြိမ် သုံးရက်ဆက်တိုက် ဖြစ်လာကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Korea Disease Control and Prevention Agency - KDCA) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

(Photo: Reuters)

လတ်တလောမှာ ကူးစက်မှုတွေ ဆက်တိုက် မြင့်တက်နေမှုနဲ့အတူ ဆေးရုံတွေမှာ မနိုင်မနင်းအခြေအနေ ဖြစ်နေခဲ့ရာမှ ဆေးရုံကုတင်ရရန် စောင့်ဆိုင်းနေစဥ် သေဆုံးမှုတွေရှိလာခဲ့ပါတယ်။ ယခု သေဆုံးခဲ့သူတွေအနက် တစ်ဦးဟာ ဆိုးလ်မြို့တော်မှဖြစ်ပြီး ဆေးရုံကုတင်နေရာရချိန်အထိ ၎င်းရဲ့နေအိမ်မှာ စောင့်ဆိုင်းနေစဥ် သေဆုံးခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူ သုံးဦးကတော့ Gyeonggi ပြည်နယ်ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာမှ ဖြစ်ပါတယ်။ အလားတူ ဆေးရုံကုတင်နေရာ စောင့်ဆိုင်းနေစဥ် အခြား သေဆုံးမှုနှစ်ခုဖြစ်ခဲ့သေးကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ လတ်တလော မပြောထားပါဘူး။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၇,၅၁၅ ဦးနဲ့ သေဆုံးသူ ၆၅၀ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က