ထင်သစ္စာကတော့ သူစိတ်ဝင်စားတဲ့ စီးပွားရေး အလုပ်နဲ့ ပတ်သက်တာတွေကို အခုကတည်းက လေ့လာဖြစ်နေတယ်လို့ ပြောပါတယ်။
Photo: Khin Zar Chi Zaw
ထင်သစ္စာကတော့ ကိုဗစ်ကာလမှာ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်နဲ့ အတူ ကိုယ်ပိုင်စီးပွားရေးလေးတွေ လုပ်နေပါတယ်။ သူမဟာ မိဇာ မာလာရှမ်းကောနဲ့ Lambest အလှကုန်ပစ္စည်းတွေကို အွန်လိုင်းပေါ်ကနေတဆင့် ရောင်းချနေတာပါ။ ဆယ်ကျော်သက် အရွယ်လေးနဲ့ ဈေးရောင်းရတဲ့ အတွေ့အကြုံလေးကို Duwun ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။
“ ကိုဗစ်ကာလမှာ ပထမလှိုင်းတုန်းကတော့ အိမ်မှာပဲနေရင်း မိသားစုကို အချိန်ပေးဖြစ်တယ်၊ အိပ်လိုက် စားလိုက်ပဲလေ။ ဒုတိယလှိုင်းရောက်တော့ ဒီအတိုင်းနေလို့ အဆင်မပြေတော့ဘူးဆိုပြီးတော့ အလုပ်လေး ထလုပ်ဖြစ်တယ်။ မေမေဆိုရင် Live Sale လေးတွေ လုပ်ဖြစ်တယ်၊ ပြီးတော့ ကိုယ်ပိုင် Skincare လေးတွေရယ်၊ မဇာ မာလာရှမ်းကောရယ် ရောင်းဖြစ်နေတယ်။ ဒီလို ရောင်းရတဲ့ အတွက် လူတွေ အကြောင်းကို ပိုပြီးတော့ သိလာတယ်။ မှာ ပြီးတော့မှ အိမ်ရောက်ခါနီးပြီဆိုရင် ဖုန်းမကိုင်တော့တာတို့၊ ပြီးတော့ ပစ္စည်းမှာတာ မဟုတ်ပဲနဲ့ အသံကြားချင်လို့ဆိုပြီးတော့ ဖုန်းတွေ ခေါ်တာတွေ ကြုံခဲ့ရတယ်။ အရင်ကဆိုရင် သည်းခံမှာတော့ မဟုတ်ဘူး။ အခုက အလုပ်လုပ်နေတာ ဖြစ်တဲ့ အတွက် အရမ်းကို သည်းခံစိတ် မွေးရပါတယ်” လို့ ဆိုပါတယ်။
Photo: Khin Zar Chi Zaw
ထင်သစ္စာဟာ အခုချိန်မှာ အနုပညာအလုပ်တွေရော၊ ပညာရေးပါ ခဏရပ်နားထားရတဲ့ အတွက် စီးပွားရေးနဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ အရာလေးတွေကို လေ့လာနေတာပါ။ အလုပ်အကြောင်းတွေလည်း ပိုနားလည် လာပြီလို့ သူက ဆိုပါတယ်။
“ အိမ်မှာဆိုရင် ကိုကြီးကလည်း သူ့ အလုပ်နဲ့ သူလေ။ သူ့ဘာသာသူ ပို့စ်တင်စရာရှိရင် တင်တယ်၊ ဓာတ်ပုံရိုက်စရာရှိရင် ရိုက်တယ်၊ အိမ်မှာက အလုပ်လုပ်မယ့်သူက ထင် တစ်ယောက်ပဲရှိတော့ အိမ်က အလုပ်အကြောင်းတွေကို ပိုပြီးတော့ နားလည်လာတယ်။ ပြီးတော့ ထင်က ကျောင်းပြီးသွားရင် Banking ဘက်ကို သွားမှာဆိုတော့ အခုကတည်းက အလုပ်အကြောင်းကို နည်းနည်း ပိုနားလည်လာတယ်လို့ ထင်တယ်။ အလုပ်အကြောင်းလည်း ပိုရင့်ကျက်လာပြီလို့ ထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Htet Zaw Aung
ထင်သစ္စာကတော့ အနုပညာနဲ့ ပတ်သက်လာရင် မိခင်ခြေရာကို နင်းမယ့် သမီးလေးလို့ ဆိုရမှာပါ။ အခုချိန်ကတည်းက သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ လက်ရှိမှာတော့ ထင်သစ္စာဟာ သူတစ်ယောက်တည်းဖြစ်စေ၊ မိခင်နဲ့အတူဖြစ်စေ ကြော်ငြာလေးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။