ပိုးအိအိခန့်ကတော့ မိခင်တစ်ယောက် အနေနဲ့ သားလေး ဟန်ဦးသွင်အပေါ် သူမ ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေကို အခုလို ရေးသားထားပါတယ်။
Photo: Poe Ei Ei Khant
ပိုးအိအိခန့်ရဲ့ သားလေး ဟန်ဦးသွင်ကတော့ ဒီနေ့မှာ အသက် (၁) နှစ်နဲ့ (၅) လပြည့်ပြီဖြစ်ပါတယ်။ သားလေး အရွယ်ရောက်လာတဲ့ အချိန်မှာ ဖတ်လို့ရအောင်ဆိုပြီးတော့ ပိုးအိအိခန့်က တန်ဖိုးရှိတဲ့ စာလေး တစ်စောင် ရေးသားခဲ့ပါတယ်။ ဒီစာလေးဟာ သူမရဲ့ ခံစားချက်တွေကို သားလေးအတွက် ချရေးထားတာ လို့ ပြောပါတယ်။
“ သားလေးရေ ဒီစာလေးက 19.12.2020 မှာ အသက် ၁ နှစ်၅လပြည့်သွားပြီဖြစ်တဲ့ မေမေ့ သားလေးအတွက် သားလေးကြီးလာရင် ဖတ်ဖို့ မေမေရေးထားတဲ့ စာပါ။ မေမေ့ စိတ် မေမေ့အတွေ့အကြုံ မေမေ့ ခံယူချက်တွေကို ထည့်ရေးထားတဲ့ စာတွေဆိုလည်း မမှားပါဘူး။ သားလေးရေ ဒီကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘက် ၂ ဘက်ကို ကြည့်တတ်အောင် ကြိုးစားပါ။ ဘက် ၂ ဘက် ဆိုတာ သူ့ဘက် နဲ့ ကိုယ့်ဘက်ကို ပြောတာပါ။ ကိုယ်ခံစားရတာပဲ ကြည့်တတ်သူဆိုရင် သားလေးလူဖြစ်ရှုံးမှာပေါ့သားရယ်၊ ကိုယ်ခံစားရတာလည်း ကြည့်သလို သူရော ခံစားရလားဆိုတာပါ ထည့်စဉ်းစားပေးမှ သားလေး လူကောင်းတစ်ယောက်ဖြစ်မှာပေါ့သားရယ်။ ဘဝ မှာ အတတ်နိုင်ဆုံး ပေးနိုင်တဲ့သူဖြစ်အောင်သာ ကြိုးစားပါ။ ပေးတဲ့သူရဲ့လက် နဲ့ ယူတဲ့သူရဲ့ လက်မှာ အဓိပ္ပါယ်တွေ ပီတိတွေ အများကြီး ကွာတာမို့ ဒါကို မေမေ အကျယ် တဝံ့မရှင်းပြတော့ဘူးနော် ဘာဖြစ်လို့လည်း ဆိုတော့ မေမေ ပြောသလိုသာ ပေးတဲ့လက်တစ်စုံဖြစ်အောင် သားလေးကြိုးစားခဲ့လို့ ပေးနိုင်တဲ့လက်တစ်စုံဖြစ်ခဲ့ရင် ပေးဆပ်ရခြင်းရဲ့ ပီတိကို သားလေးကိုယ်တိုင်ခံစားမိမှာ မေမေ ယုံကြည်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။
Photo: Poe Ei Ei Khant
ဒါ့အပြင် သားလေး ဟန်ဦးသွင်ကို ယောက်ျားကောင်း တစ်ယောက်ဖြစ်စေပြီး ဘာသာတရားရဲ့ ဆုံးမ မှု အတိုင်းနေ စေချင်တယ်လို့ ပိုးအိအိခန့်က ဆိုပါတယ်။
“ ယောကျာ်းကောင်းဆိုတာ အရာရာ အဘက်ဘက်ကို မျှတစွာ နေနိုင် ပြောနိုင်၊ ဆိုနိုင် ကျင့်ကြံနိုင် ရ ပါတယ်သားရေ “မဇ္ဇိမ ပဋိပဒ္ဒါ “တဲ့ အလယ်အလတ်လမ်းစဉ်ကိုသာ လိုက်ပါ သားရေအရာရာ သင့်တင့်ပြီး မျှတမှုကသာ တရားနည်းလမ်းကြလို့ပါသားရယ်။ ကိုယ့်အပေါ် ကောင်းတဲ့ တစ်စုံ တစ်ဦး တစ်ယောက် အပေါ် ဘယ်တော့မှ အနိုင်မယူမိပါစေနဲ့နော်။ သည်းခံနိုင်တဲ့သူဆိုတာလည်း အတိုင်းအတာနဲ့မို့ သူတစ်ဖက်သားကို နှုတ်နဲ့သော်လည်းကောင်း ကိုယ်ဖြင့်သော်လည်းကောင်း နာကျင်အောင် သားလေးမလုပ်မိပါစေနဲ့လို့ မေမေ သတိပေးပါရစေ။ ဘဝမှာ လူတော်ထက် လူကောင်းဖြစ်ဖို့ အရင်ကြိုးစားပေးပါနော်။ မေမေကလည်း သားလေး သူတော်ကောင်းလေးဖြစ်ဖို့ မှားတာကို မှားနေမှန်းသိအောင် ၊ အရာရာမှာ မျှမျှတတ ကျင့်ကြံတတ်အောင် ၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ကလေးလေးမဖြစ်အောင်၊အမှား အမှန် အဆိုး အကောင်းကို ခွဲခြားသိမြင်နိုင်တဲ့ ကလေးလေးဖြစ်အောင် ဆုံးမ သွန်သင်ဖို့က မေမေ့တာဝန်ပါ” လို့ ထပ်မံရေးသားထားပါတယ်။
Photo: Amazing Grace
ဒါ့အပြင် ပိုးအိအိခန့်ဟာ သားလေးရဲ့ စိတ်နေစိတ်ထားကို အမြဲတမ်းပျော်ရွှင်အောင် ကြိုးစား သင်ကြားပေးမယ်လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ ရှေ့ဆက် လျှောက်လှမ်းမယ့် ဘဝလမ်းကြောင်းမှာလည်း သားလေးကို ယုံကြည်မှု ရှိစေချင်တယ်လို့ ဆိုပါတယ်။
“မေမေက သားလေးကို independence baby လေးဖြစ်အောင် ငယ်ငယ် ထဲက train ပေးမယ်နော်။ ကိုယ်ပိုင်လွတ်လပ်တဲ့ အတွေးအခေါ် အသိဉာဏ် နဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ကလေးလေးဖြစ်ဖို့ သားလေးကိူ မေမေ အခွင့်အရေးတွေ ပေးမှာပါ။ မေမေ့ရဲ့ စေတနာ လွတ်လပ်ခွင့် ပေးတာလေးကိုတော့ ကောင်းမွန်တဲ့နေရာမှာပဲ အသုံးချဖို့ ကတိပေးရမယ်နော် ကလေးလေး။ သားလေးငယ်စဉ်ကတည်းက သားလေး ကို self decision လုပ်ခွင့် မေမေပေးခဲ့မှ သားလေးအရွယ်ရောက်လို့ အရေးကြုံတဲ့အခါ self decision ကို ဘယ်သူ့အကူအညီမှ မလိုဘဲ confidence ပြည့်ပြည့်ဝဝနဲ့ ချနိုင်မယ်လို့ မေမေယုံကြည်ပါတယ်သားလေးရေ။ Happy 1 year & 5 months birthday ပါ သားသားရေ” ဆိုပြီးတော့ သူ့ရင်ထဲက ခံစားချက်တွေကို ရေးသားခဲ့တာပါ။
Photo: Poe Ei Ei Khant
အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်တော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။
ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။
Share