Moderna ကာကွယ်ဆေး ၆ သန်းကို အမေရိကန်နိုင်ငံတစ်ဝန်း စတင်ဖြန့်ဖြူးပေးပို့နိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက Moderna ကာကွယ်ဆေးကို နိုင်ငံရဲ့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးအဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရားဝင် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

(Photo: Moderna)

အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ရာ အဆင်သင့်ပြင်ထားတဲ့ Moderna ကာကွယ်ဆေး ၆ သန်းကို နိုင်ငံတစ်ဝန်း စတင်ဖြန့်ဖြူးပေးပို့နိုင်တော့မှာ ဖြစ်ပါတယ်။ "အခုဆိုရင် COVID-19 ကာကွယ်ဖို့အတွက် ကာကွယ်ဆေးနှစ်ခုရရှိမှုနဲ့အတူ FDA က ဒီကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရေး အရေးပေါ်တဲ့ နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းလိုက်ပါပြီ" လို့ FDA အကြီးအကဲ Stephen Hahn က ပြောပါတယ်။



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း "ဂုဏ်ယူပါတယ်၊ Moderna ကာကွယ်ဆေးကို အခု ရရှိပါပြီ" လို့ Twitter မှာ ရေးသားထာပါတယ်။ အမေရိကန်ဟာ နှစ်ကြိမ်ထိုးနှံရတဲ့ Moderna ကာကွယ်ဆေးကို အသုံးပြုရန် တရားဝင် ခွင့်ပြုချက်ပေးလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

(Photo: Reuters)

အမေရိကန် FDA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ နေ့မှာ နိုင်ငံရဲ့ ပထမဆုံး COVID-19 ကာကွယ်ဆေးအဖြစ် Pfizer-BioNTech ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် စတင်ခဲ့ပါတယ်။ အမေရိကန် ဒုတိယသမ္မတမိုက်ပင့်စ်က ပြည်သူလူထုအနေနဲ့ ကာကွယ်ဆေးကို ယုံကြည်မှုရှိရန် တွန်းအားပေးမှုအဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကာကွယ်ဆေးထိုးခဲ့ပြီး ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒုတိယသမ္မတမိုက်ပ့င်စ်၊ ၎င်းရဲ့ဇနီးနဲ့ ဗိုလ်ချုပ်ကြီးတို့ အားလုံးဟာ Pfizer-BioNTech ကာကွယ်ဆေးထိုးခဲ့တာ ဖြစ်ပါတယ်။ FDA ခွင့်ပြုချက်ပေးခဲ့တဲ့ ကာကွယ်ဆေးနှစ်မျိုးလုံးဟာ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Moderna နဲ့ Pfizer တို့က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

(Photo: AP)

Pfizer က ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး ထုတ်လုပ်ထားပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးက COVID-19 ကို ကာကွယ်ရာမှာ ထိရောက်မှု ၉၅ ရာခိုင်နှုန်းရှိပြီး Moderna ကာကွယ်ဆေးက ၉၄ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။

အမေရိကန်က Moderna ထံမှ ကာကွယ်ဆေး သန်း ၂၀၀ ဝယ်ယူရန် သဘောတူညီထားပြီး ကုမ္ပဏီက ၆ သန်းကို ပို့ဆောင်ပေးရန် အဆင်သင့်ပြင်ထားခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇ သန်းကျော်နဲ့ သေဆုံးသူ ၃၁၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပထမဆုံး ခွင့်ပြုချက်ပေးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကို ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတို့ကို ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်အတွက် ခွင့်ပြုချက်လျှောက်ထားပြီးဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ Pfizer-BioNTech ကာကွယ်ဆေးက ခွင့်ပြုချက်ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က