လီဗာပူးရော ယူနိုက်တက်ပါ ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ ယခုတစ်ပတ်မှာ ပြိုင်ဖက်တွေကို အနိုင်ယူပြခဲ့တဲ့ သွင်းဂိုး အရေအတွက်နဲ့တူညီတဲ့ ပမာဏမျိုးနဲ့ ရှေ့မှာ ရှုံးပွဲတွေ ကိုယ်စီ ကြုံထားရတာပါ။
ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ တန်းတက်လိဂ်ကို ၆-၂ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၃နေရာထိ တက်လှမ်းလာပါပြီ။
ယူနိုက်တက်အတွက် မက်တော်မီနေးက ၂ဂိုး၊ဖာနန်ဒက်စ်က ၂ဂိုး၊လင်ဒီလော့ဖ်နဲ့ဒန်နီရယ်ဂျိမ်းတို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ။
လိဒ်ယူနိုက်တက်အသင်းအတွက်ကိုမူ လီယန်ကူးပါးနဲ့ဒဲလ်လက်တို့က သွင်းယူပေးခဲ့ကြပြီး လိဒ်အနေနဲ့ကတော့ နယူးကာ ဆယ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲကြောင့် ပွဲပန်းသွားဟန် တူပါတယ်။
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဥ်တွေကတော့ သွင်းဂိုး များများစားစား မြင်တွေ့နေရပြီး မနေ့ကလည်း လီဗာပူးက ပဲလေ့စ်ကို ၇-၀ဂိုးပြတ်အနိုင်ယူပြနိုင်ခဲ့ပါတယ်။
ထူးခြားတာကတော့ လီဗာပူးရော ယူနိုက်တက်ရော အခုလို ဂိုးပြတ်တွေ မနိုင်ခင်မှာ အလားတူ သွင်းဂိုး အရေအတွက် နဲ့ ကိုယ်စီ အရေးနိမ့်ထားဖူးတာပါ။
လီဗာပူးဟာ ဗီလာအသင်းကို ၇-၂ဂိုးနဲ့ အရေးနိမ့်ခဲ့ဖူးသလို ယူနိုက်တက်ဟာလည်း စပါးအသင်းကို ၆-၁ဂိုးနဲ့ အရေးနိမ့် ထားခဲ့ကြတာပါ။
ယူနိုက်တက်အနေနဲ့ကတော့ ယခုပွဲအနိုင်ကြောင့် အမှတ်ပေးဇယား အဆင့် ၃အထိ ရမှတ် ၂၆နဲ့နဲ့ တက်လှမ်းထားနိုင်ပြီ ဖြစ်ကာ တစ်ပွဲလျော့ ကစားထားပါတယ်။
ဒါကြောင့် ထိပ်ဆုံးက လီဗာပူးအောက် ၅မှတ်လျော့နည်းနေသေးပေမယ့် လက်ကျန်တစ်ပွဲမှာသာ နိုင်ခဲ့ရင် ၂မှတ်သာ ကွာဟတော့မယ့် အနေအထားထိရောက်ရှိလာလို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ ဆိုးလ်ရှားအတွက် အနည်းငယ် အသက် ရှူ ချောင်စေခဲ့ပြီလို့လည်း ဆိုရမှာပါ။