မလေးရှားနိုင်ငံမှာ COVID-19 ကာလအတွင်း ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုကို ဧည့်ပရိသတ် ၂၀ သာ တက်ရောက်ခွင့် ကန့်သတ်ထားပေမဲ့ စုံတွဲတစ်တွဲကတော့ ၎င်းတို့ရဲမင်္ဂလာပွဲကို လူဦးရေသောင်းနဲ့ချီ လာရောက်ဂုဏ်ပြုနိုင်ရန် စီစဥ်ခဲ့ကြပါတယ်။
(သတို့သားနှင့် သတို့သမီး) (Photo: OfficialKunan/Facebook)
မလေးရှားစုံတွဲရဲ့ မင်္ဂလာပွဲကို COVID-19 စည်းမျဥ်းအရ ဧည့်ပရိသတ် ကန့်သတ်ထားခဲ့ပေမဲ့ လူ ၁၀,၀၀၀ ကျော်ဟာ မင်္ဂလာပွဲခန်းမရှေ့ကနေ ကားများဖြင့် ဖြတ်သန်းမောင်းနှင်ပြီး လာရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ မင်္ဂလာပွဲကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၀ ရက်) က ကွာလာလမ်ပူမြို့တော်တောင်ဘက် ပူထရာဂျာယာရှိ ကြီးကျယ်ခမ်းနားတဲ့ အစိုးရအဆောက်အအုံတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်္ဂလာပွဲလာရောက်သူတွေက မင်္ဂလာပွဲကျင်းပရာ အဆောက်အအုံကြီးရှေ့မှ ကားတွေကို ဖြည်းဖြည်းချင်း မောင်းနှင်ဖြတ်သန်းပြီး သတို့သား၊ သတို့သမီးနဲ့ မိဘဆွေမျိုးများကို လက်ဝှေ့ယမ်းနှုတ်ဆက် ဂုဏ်ပြုခဲ့ကြပါတယ်။
(မင်္ဂလာပွဲနေရာရှေ့မှ ကားများ ဖြတ်သန်းသွားမှု) (Photo: OfficialKunan/Facebook)
သတို့သား Tengku Muhammed Hafiz နဲ့ သတို့သမီး Oceane Alagia တို့စုံတွဲရဲ့ မင်္ဂလာပွဲက မလေးရှားမှာ မြင်တွေ့နေကျ ပုံစံမျိုးမဟုတ်ဘဲ COVID-19 နဲ့အတူ လိုက်လျောညီထွေရှိပြီး ထူးခြားခဲ့ပါတယ်။ သတို့သား Tengku Muhammed Hafiz ဟာ မလေးရှားနိုင်ငံရေးနယ်ပယ်မှာ ဩဇာကြီးမားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း Tengku Adnan ဖြစ်ပြီး သားဖြစ်သူရဲ့ မင်္ဂလာပွဲနဲ့အတူ ၎င်းရဲ့မွေးနေ့ပွဲကိုလည်း ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ "ဒီမနက်ကတည်းက ကားအစီးရေ ၁၀,၀၀၀ ကျော် မင်္ဂလာပွဲနေရာကို လာရောက်ခဲ့ကြတယ်လို့ ကျွန်တော် သိရပါတယ်" လို့ ဝန်ကြီးဟောင်း Tengku Adnan က Facebook မှာ ရေးသားထားပါတယ်။
(ဝန်ကြီးဟောင်း Tengku Adnan) (Photo: Bernama)
မင်္ဂလာပွဲကျင်းတဲ့ အဆောက်အအုံရှေ့ကနေ ကားအစီးရေ ၁၀,၀၀၀ ကျော် ဖြတ်သန်းသွားမှုဟာ အချိန်သုံးနာရီခန့် ကြာခဲ့တယ်လို့ ဆိုပါတယ်။ ဆက်စပ်သတင်းတစ်ရပ်အရ ဝန်ကြီးဟောင်း Tengku Adnan ဟာ သားဖြစ်သူရဲ့ မင်္ဂလာပွဲအပြီး ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) မှာတော့ အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့စဥ် မလေးရှားရင်းဂစ် ၂ သန်း (အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး) လာဘ်စားခဲ့မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခံခဲ့ရကြောင်းလည်း သိရပါတယ်။