ဖြိုးမြတ်အောင်ကတော့ အလှူအတန်းတွေမကြာခဏ လုပ်နေပေမယ့်လည်း ငွေကြေးနဲ့ ပတ်သက်လာရင် သူ့မှာ အခက်အခဲဆိုတာ မကြုံခဲ့ရဘူးလို့ ပြောပါတယ်။
Photo: Phyo Myat Aung
ဖြိုးမြတ်အောင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ စေတနာ နဲ့ လှူခဲ့တဲ့ အလှူအတန်းလေးတွေ ကနေ တွေ့ကြုံလာခဲ့ရတဲ့ ထူးခြားဖြစ်ရပ်လေးကို ပြောပြလာပါတယ်။
“ အလှူလုပ်ရတဲ့ ပီတိကိုက ကျွန်တော့်အတွက် တကယ်ကို ပျော်စရာ အစစ်အမှန် တစ်ခုလို ဖြစ်နေတာ။ ဒီပီတိကတော့ ဘာနဲ့မှကို လဲလို့မရတာ။ ပြီးတော့ ကျွန်တော့်မှာ မရှိဘူးဆိုတာမျိုးတော့ မကြားရသလောက်ပဲ။ ကျွန်တော့်မှာ ပိုက်ဆံ မရှိတော့ဘူးဆိုရင် တစ်နေရာရာက ကျွန်တော့်ကို ချစ်တဲ့ မိသားစုလေးတွေက မုန့်ဖိုး ပြန်ပေးတာတွေရှိတယ်၊ ပိုက်ဆံ တစ်ပြားမှ မရှိတဲ့ အခါလည်း ကြုံလိုက်ရတယ်။ ဒါပေမယ့် ဒါက စက္ကန့်အပိုင်းလေးပါပဲ။ သူ့ အလိုလို ရောက် လာတာတွေတော့ရှိတယ်။ ထူးဆန်းတာကတော့ ကျွန်တော် အိပ်တဲ့ အနားလေးတွေမှာ ပိုက်ဆံ ရောက်လာတာမျိုးတွေ ကြုံဖူးပါတယ်” လို့ သူက ဆိုပါတယ်။
Photo: Phyo Myat Aung
ဖြိုးမြတ်အောင်ဟာ အလှူအတန်းကို ဝါသနာပါပေမယ့် ပရဟိတအလုပ်တွေကိုတော့ အဖွဲ့အစည်းနဲ့လုပ်ကိုင်ဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ စိတ်ရှုပ်မခံတတ်တဲ့သူဖြစ်တာကြောင့် တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်နေရင်း ပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်။
“ ပရဟိတကို အဖွဲ့နဲ့ လုပ်ဖို့ဆိုတာက တာဝန်ကြီးပါတယ်။ ကျွန်တော်က နဂိုကတည်းက ခေါင်းရှုပ်မခံနိုင်တဲ့သူဆိုတော့လေ။ ဒါပေမယ့် အဲဒီနေရာကို တာဝန်ယူပြီးတော့ လုပ်ပေးမယ့်လူ ရှိရင်တော့ တစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့် စိတ်နဲ့ ကျွန်တော့် သဘောကတော့ ကိုယ်တတ်နိုင်သလောက်လေး လှူနေရတာကို ပျော်တယ်။ စိတ်လည်း မရှုပ်ရဘူး ပေါ့ပေါ့ပါးပါးလေးဆိုတော့ အဆင်ပြေတယ်။ တစ်နိုင် တစ်ပိုင်လေးပဲ အလှူလုပ်ရတာ ပိုကောင်းပါတယ်။ ကျွန်တော် လှူလိုက်လို့ သူတို့လေးတွေ ပျော်သွားတာကို မြင်နေရရင်ကို ကျေနပ်ပါတယ်”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Phyo Myat Aung
ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol (Season 3) Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။