ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲက ဝမ်နွတ်ကျေးရွာမှာ အသက်(၆) နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ပြီး လျှိုထဲပစ်ချခဲ့တဲ့ အမျိုးသားကို ဒီဇင်ဘာလ ၂၂ရက်က သေဒဏ်ချမှတ်လိုက်တယ်လို့ SSPP/SSA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အမျိုးသားကို ပြစ်မှုကျူးလွန်ပြီး နောက်တစ်ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒေသရဲ့ လူထုအကြားရိုက်ခတ်မှုပြင်းထန်တဲ့ ဖြစ်စဉ်ဖြစ်တဲ့အပြင် တရားဥပဒေစိုးမိုးမှုအတွက် ဒီလိုအမိန့်ချလိုက်တာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ရဲ့ ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်းက ပြောပါတယ်။
" သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံတွေ့တယ်။ရှာဖွေပုံစံနဲ့ စနစ်တကျသိမ်းဆည်းပြီး သက်သေခိုင်လုံတဲ့အပြင် အမှုကြီးဖြစ်တဲ့အတွက် ဗဟိုတရားရုံးကို လွှဲအပ်ခဲ့တာ ဖြစ်တယ်။ဗဟိုတရားရုံးက စစ်ဆေးတွေ့ရှိချက်တွေ ၊ သက်သေတွေ ၊ မျက်မြင်သက်သေတွေလည်းပါတယ် ၊ ရပ်ရွာတာဝန်ရှိသူတွေ ၊ ကျေးရွာပြည်သူတွေပါတယ်။ သက်သေထွက်ဆို ကြတယ်။ ပြစ်မှုလည်းထင်ရှားတယ်။ဒီလို သက်ငယ် မုဒိမ်းမှုဖြစ်တဲ့အတွက် ဒေသရဲ့ တရားဥပဒေစိုးမိုးရေးအတွက် ၊ လူထုကို ရိုက်ခတ်သွားတဲ့ အမှုကြီးြ ဖစ်နေတယ်။နောင်ကျရင် ဒေသရဲ့ တရားဥပဒေစိုးမိုးရေးဖြစ်အောင် ၊ နောင်မဖြစ်အောင် ၊ ဒီက ဥပဒေတွေ ၊ အုပ်ချုပ်ရေးလမ်းညွှန်မှုတွေအရ ပြစ်ဒဏ်က သေဒဏ်အထိ ချမှတ်လိုက်တာဖြစ်တယ် " လို့ SSPP/SSA ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်းက Duwun ကို ပြောပါတယ်။
ဒီပြစ်မှုကို SSPP/SSAက ကိုင်တွယ်ရတာကတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု ၊ ဝမ်နွတ်ကျေးရွာက SSPP/SSA ထိန်းချုပ်နယ်မြေဒေသဖြစ်တာကြောင့်လို့ ဥပဒေအရာရှိ စိုင်းအူဟိန်းက Duwun ကို ပြောပါတယ်။ ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ လျှိုမြောင်အတွင်းကနေ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်က ဒီဇင်ဘာလ ၉ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူက ကလေးငယ်ကို နေအိမ်ကနေ ဖြားယောင်းခေါ်ဆောင်ကာ ရွာအရှေ့ဘက်ချုံတောထဲမှာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် လျှိုမြောင်အတွင်းပစ်ချခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုဌာနချုပ် (SSPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။