ထိုင်ဝမ်မှာ ၈ လကျော်အတွင်း ပထမဆုံး COVID-19 ပြည်တွင်းကူးစက်မှုဖြစ်စေခဲ့တဲ့ လေယာဥ်မှူတစ်ဦးကို ၎င်းရဲ့ လေကြောင်းလိုင်းက ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်) မှာ အလုပ်မှထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
(Photo: Reuters)
ထိုလေယာဥ်မှူးဟာ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို COVID-19 ကူးစက်စေခဲ့ခြင်းဖြင့် ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရတာလည်း ဖြစ်ပါတယ်။ ရက်ပေါင်း ၂၅၃ ရက်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့ ထိုင်ဝမ်မှာ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၂ ရက်) နေ့က အမျိုးသမီးတစ်ဦးထံ ကူးစက်မှုတွေ့ခဲ့ရပြီး ထိုအမျိုးသမီးဟာ COVID-19 ရှိနေတဲ့ နယူးဇီလန်နိုင်ငံသား လေယာဥ်မှူးနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ထိုင်ဝမ်လေကြောင်းလိုင်း EVA Airways မှာ အလုပ်လုပ်ကိုင်တဲ့ အဆိုပါ လေယာဥ်မှူးဟာ ၎င်းနဲ့ထိတွေ့ခဲ့သူစာရင်းနဲ့ ကူးစက်ခံရကြောင်း သိရှိရချိန်မှာ ကျန်းမာရေးတာဝန်ရှိသူတွေထံ ၎င်းရဲ့ သွားလာလှုပ်ရှားမှုများ အမှန်အတိုင်း ထုတ်မပြောမှုဖြင့်လည်း ထိုင်ဝမ်ဒေါ်လာ ၃၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၄၀ ကျော်) ဒဏ်ရိုက်ခံခဲ့ရပါတယ်။
(Photo: AFP)
လေယာဥ်မှူးဟာ ကပ်ရောဂါကာကွယ်ရေး စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။ နယူးဇီလန်နိုင်ငံသား လေယာဥ်မှူးဟာ ထိုင်ဝမ်လေယာဥ်မှူတစ်ဦးက သတိပေးခဲ့ပေမဲ့ ယခုလအစောပိုင်း တာဝန်ချိန်အတွင်း mask တပ်မထားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ထိုင်ဝမ်လေယာဥ်မှူးနဲ့ ဂျပန်လူမျိုး လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့လည်း COVID-19 ကူးစက်ခံခဲ့ရကြောင်း EVA Airways က ပြောပါတယ်။ အမေရိကန်သို့ ပျံသန်းခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ လေကြောင်းခရီးစဥ်အတွင်း နယူးဇီလန်လေယာဥ်မှူးဟာ ချောင်းဆိုးနေခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Getty Images)
နယူးဇီလန်လေယာဥ်မှူးနဲ့ ထိတွေ့မှုရှိခဲ့ပြီး ကူးစက်ခံရတဲ့ အမျိုးသမီးနဲ့ ဆက်စပ်သူ ၁၇၃ ဦးကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာမှာ ၁၇၀ ဦးထံမှာ ဗိုင်းရပ်စ်မတွေ့ရဘဲ နောက်သုံးဦးရဲ့ စစ်ဆေးမှုရလဒ်ကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်ဝမ်းကျန်းမာရေးဝန်ကြီး Chen Shih-chung က ယမန်နေ့မှာ ပြောခဲ့ပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေရဲ့ အဆိုအရ လေယာဥ်မှူးဟာ စတိုင်းဆိုင်ကြီးနှစ်ဆိုင် အပါအဝင် နေရာများသို့ သွားရောက်ခဲ့ကြောင်း၊ သို့သော် ၎င်းက ထိုသို့ သွားရောက်ခဲ့ကြောင်းကို ထုတ်မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ၎င်းထံမှတစ်ဆင့် ကူးစက်ခံရတဲ့ အမျိုးသမီးနဲ့ ထိတွေ့မှုရှိခဲ့ကြောင်းလည်း တာဝန်ရှိသူတွေကို မပြောခဲ့ပါဘူး။
(Photo: Reuters)
ထိုင်ဝမ်ကိုရောက်ရှိလာတဲ့ လေယာဥ်မှူးတွေဟာ လက်ရှိမှာ သုံးရက်ကြာမျှသာ အသွားအလာကန့်သတ် နေထိုင်ကြရပြီး နိုင်ငံတကာခရီးသည်တွေကတော့ သီတင်းနှစ်ပတ်ကြာ ထိုသို့ နေထိုင်ရန်လိုအပ်ပါတယ်။ ယခုအခါ ထိုင်ဝမ်အာဏာပိုင်တွေက အဆိုပါ စည်းမျဥ်းတွေကို တင်းကျပ်သွားရန် စီစဥ်နေကြောင်း သိရပါတယ်။
ပြည်တွင်းကူးစက်မှု ပြန်တွေ့လာရခြင်းက COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက် ထိန်းချုပ်ရာမှာ အောင်မြင်မှုရှိခဲ့တဲ့ ထိုင်ဝမ်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာပါတယ်။ လူဦးရေ ၂၃ သန်းကျော်ရှိတဲ့ ထိုင်ဝမ်က နယ်စပ်များကို စောစီးစွာ ပိတ်ပင်ခဲ့ခြင်းနဲ့ တင်းကျပ်တဲ့ အသွားအလာကန့်သတ်ခြင်း စည်မျဥ်းများ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇၇၆ ဦးနဲ့ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး အခြား ကမ္ဘာ့နေရာတွေထက် ကူးစက်ဖြစ်ပွားမှု သိသာစွာ နည်းပါးခဲ့ပါတယ်။