အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာအနေနဲ့ အချိန်တစ်ခုအတွင်းမှာ အလှည့အပြောင်းတစ်ခုကို အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ဘူဂေးလ်ရီးယား လက်ရွေးစင်ဟောင်း ကစးသမားကြီး ဘာဘာတော့ဗ်က ထောက်ခံ ပြောလာပါတယ်။
အာဆင်နယ်အသင်းဟာ ရှုံးပွဲဆက်နေပြီး လိဂ် ၁၄ပွဲမှာ ၈ပွဲအထိ ရှုံးနိမ့်ထားသလို ပြီးခဲ့တဲ့ ရက်ကလည်း မန်စီးတီး ကိုရှုံးပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဒီအချိန်မှာ အာဆင်နယ်အသင်းဟာ လန်ဒန်ပြိုင်ဖက် ချဲလ်ဆီးအသင်းနဲ့ ထပ်မံ ရင်ဆိုင်ရဖို့ရှိနေချိန်မှာတော့ အာတီ တာအနေနဲ့ ဒီပွဲမှာ အလှည့်အပြောင်းတစ်ခု လုပ်ပြနိုင်မယ်လို့ ဘာဘာတော့ဗ်က ယုံကြည်နေတာပါ။
“အာဆင်နယ် တကယ် အကျပ်ရိုက်နေပါတယ်၊ဒါပေမယ့် အီးမရိတ်မှာ အာဆင်နယ် တစ်လှည့် ပြန်ပြောင်းပြီး အခြေအနေကောင်းလာမယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ပြောခဲ့တာ ရှိပါတယ်။အာတီတာ အချိန်ပိုလိုပါတယ်။အဲ့လိုပြောပြီးပြီးချင်းပဲ အဲဗာတန်နဲ့ အဝေးကွင်းမှာ အာဆင်နယ်ရှုံးသလို မန်စီးတီးနဲ့လည်း ရှုံးခဲ့ပါတယ်။”လို့ ဘာဘာတော့ဗ်က Betfair သတင်းဌာနကိုပြောပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ နှစ်ပေါင်း ၆၀အတွင်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အဆင့် ၁၅မှာ တန်းဆင်းဇုန်ထဲက အသင်းထက် ၄မှတ်သာ ပိုများပါတော့တယ်။
“ဂန်းနားတွေက ကွင်းအတွင်းမှာ တိုက်ခိုက်ရေး စိတ်ဓာတ်ကို ထုတ်ပြ ကစားနေပေမယ့် လိုအပ်သလောက် မရောက်သေးတာ တွေ့ရပါတယ်။အာတီတာက ငယ်ရွယ်တဲ့ နည်းပြ တစ်ဦးပါ၊ဒီအချိန်မှာ အာဆင်နယ်အသင်း နည်းပြ ဖြစ်လာတာ ကံကောင်းလို့တော့ မဟုတ်ပါဘူး။ဒီနေရာက သူ့လို ငယ်ရွယ်သူအတွက် အရမ်းခက်ခဲမှာပါ။ အချိန်ပိုလိုပါတယ်။”လို့ ဘာဘာတော့ဗ်က ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့လည်း စနေည မြန်မာစံတော်ချိန် ည ၁၂နာရီ တိတိမှာ ရင်ဆိုင်ကစားရမယ့် ချဲလ်ဆီး အသင်းနဲ့ပွဲမှာ အနိုင်ရရှိအောင် ကစားထားပါမှ တော်ကာကျမှာ ဖြစ်ပြီး ထပ်မံ အရေးနိမ့်ခဲ့ပါက တန်းဆင်းဇုန် နဲ့ ပိုပို နီးကပ်သွားတော့မှာပါ။