ပွန်ချက်တီနိုနဲ့ ပီအက်စ်ဂျီအသင်းတို့ ဆွေးနွေးနေတာ ၂ပတ်လောက်ရှိပြီလို့ သိရပြီး တူချယ်ကိုတော့ ပီအက်စ်ဂျီ အသင်းက ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းက လက်ရှိ နည်းပြ တူချယ်ကို ထုတ်ပယ်လိုက်ကာ၎င်းနေရာမှာ အစားထိုး တာဝန်ယူမယ့်သူက ယခင် စပါး နည်းပြဟောင်း ပွန်ချက်တီနိုသာ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါ တယ်။
ဒီသတင်းကိုတော့ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေကိုယ်တိုင်ဆီက ကြားသိခဲ့ရတာ ဖြစ်ပြီး ပွန်ချက်တီနိုနဲ့ ပီအက်စ်ဂျီအသင်းကြား လွန်ခဲ့တဲ့ ၂ပတ်လောက်ကတည်းက ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါ တယ်။
တူချယ်ကတော့ ၂၀၁၈ခုနှစ်က ပီအက်စ်ဂျီအသင်း နည်းပြ ဖြစ်လာခဲ့ပြီး လိဂ်ဖလား ၂ကြိမ်၊ပြင်သစ်ဖလားနဲ့ ပြင်သစ် လိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီး ဘိုင်ယန်ကို ၁-၀နဲ့ရှုံးကာ ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။
ဒေ့ါမွန်နည်းပြဟောင်းလည်း ဖြစ်တဲ့ တူချယ်ဟာ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ မူလစာချုပ်အရလည်း ယခုနှစ် ဘောလုံး ရာသီကုန်ရင် ပြည့်မှာပါ။
ပီအက်စ်ဂျီအသင်းကတော့ လက်ရှိအချိန်မှာ အဆင့် ရပ်တည်မှု ၃မှာရှိနေပြီး ထိပ်ဆုံးက လိုင်ယွန်နဲ့ တစ်မှတ်သာ ကွာဟပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့်ကို တက်လှမ်းထားနိုင်ပြီး ပြိုင်ဖက်ဟောင်း ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
လက်ရှိ သူ့နေရာကို ဝင်ယူတော့မယ့် ပွန်ချက်တီနိုကလည်း စပါးအသင်းကို အသင်းသမိုင်းတစ်လျှောက် ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက အစောပိုင်းလတွေ ကတည်း က ချိတ်ဆက်ခြင်းကို ခံထားရသူပါ။
ဒါ့အပြင် ပွန်ချက်က ပီအက်စ်ဂျီကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပြီး ၂၀၀၁ကနေ ၂၀၀၃အထိ ကစားခဲ့ကာ ယခုအခါ စပါးက ထွက်ခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလကစပြီး အသင်းလက်မဲ့ ဖြစ်နေတာပါ။
Share