မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လက်ရှိအချိန်ကာလအထိ ပြန်လည်ဖွင့်လှစ်ဖို့ ညွှန်ကြားချက်တစုံတရာ မရသေးဘူးလို့သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ကာလဟာလ သတင်းသာဖြစ်တယ်လို့ ကျိုက်ထီးရီုးဘုရားဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှိုင်ကပြောပါတယ်။ "ကျွန်တော်တို့ဆီကိုဘာမှညွှန်ကြားထားတာမျိုးမရှိသေးပါဘူး။ ပြန်ဖွင့်မယ်နေ့ကို ကြေညာပေးသွားမှာပါ။အခုချိန်အထိတော့ ကျွန်တော်တို့ဆီမှာ ဘာညွှန်ကြားချက်မရှိသေးပါဘူး။ ကောလာဟလသတင်းသာဖြစ်ပါတယ် "လို့ ပြောပါတယ်။
လက်ရှိမှာ ကျိုက်ထီးရိုး ဘုရားကို ကားနဲ့တက်ရောက်ဖူးမြှော်ခြင်းကိုပိတ်ထားသလို၊ ခြေလျင် တောင်တက်ခြင်းကိုလည်း ပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။ "ဘာမှမကြားဘူး။ညွှန်ကြားချက်လဲမရှိဘူး။ကြိုတင်စီစဉ်ခိုင်းတာလဲမရှိဘူး။ သတင်းက မတိကျပါဘူး။သူ့ဘာသာထွက်နေတာ၊ဘုရားက ပိတ်ထားဆဲဖြစ်တယ်"လို့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ ဟိုတယ် မိုတယ်နှင့်တည်းခိုရိပ်သာတွေကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီးပြည်တွင်းပြည်ပ ဧည့်သည်တွေ တည်းခိုခြင်း လက်ခံခွင့်ပြုသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ကျိုက်ထီးရိုးဘုရားကိုလည်း ခရီးသွားဖူးမြှော် ခွင့်ပြန်လည်ခွင့်ပြုတော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။