၂၀၂၀ဟာ စိန်ခေါ်မှုများပြီး စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ်အကိုင်ဆုံးရှုံးခြင်းတွေကို ကြုံတွေ့နေရ ပေမယ့်လည်း နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းက ကောင်းမွန်နေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒါဟာ ကမ္ဘာ့ဘဏ်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်အလက်တွေအရ အခြားဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။
" Covid-19 ကြောင့် အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ခံစားနေရပေမယ့် မြန်မာနိုင်ငံကတော့ ဘက်ပေါင်းစုံကနေ ကြိုးစားပြီး ကောင်းမွန်စွာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့က နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အခြားဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှု နှုန်းဟာ အခြေအနေကောင်းတစ်ခုကို ထိန်းသိမ်းနိုင်ဆဲပဲ ဖြစ်ပါတယ်။ Covid-19ကြောင့် ထိခိုက်မှုများကို ခံစားရပေမယ့် နောက်နှစ်များမှာ အခြေအနေကောင်းကို ဆက်လက်ထိန်းထား နိုင်မယ် လို့ယုံကြည်ပါတယ် " လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်း အုတ်မြစ်ချအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
Covid-19ကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင်ဆုံးရှုံးခြင်းတွေကို အထူးသဖြင့် ကာလရှည် ကန့်သတ်ခြင်းနဲ့ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့နေ ပြည်သူလူထုအပေါ် သက်ရောက်မှု ရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်းကို ဖော်ဆောင်ပြီးတဲ့အခါမှာ အငယ်စား ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးလာနိုင်မယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
" KMIC စီမံကိန်းကို အကောင်အထည်ဖော်ပြီးတဲ့အခါ နိုင်ငံတော်က အားပေးဆောင်ရွက်နေတဲ့ အငယ်စား၊အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းပေါင်း များစွာကို ဖန်တီးပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ၊ ထောက်ပံ့သူများနဲ့ စားသောက်ဆိုင်များအပါအဝင် စက်မှုလုပ်ငန်းပေါင်းများစွာကို တိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်" လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍကနေ နိုင်ငံရဲ့ စီးပွားရေးကို ၃၈ရာခိုင်နှုန်းအထိ အထောက်အကူပြုနေပြီး သမာရိုးကျစက်ရုံတွေကနေ ဖန်တီးပေးတဲ့ အလုပ်အကိုင်မျိုးသာမက အမျိုးသမီးတွေ အလုပ်အကိုင်ရရှိရေးအတွက်ပါ ပံ့ပိုးနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်း အုတ်မြစ်ချအခမ်းအနားကို ဒီဇင်ဘာလ ၂၄ရက်က ကျင်းပခဲ့တာဖြစ်ပြီး တောင်ပိုင်းဆိုင်ရာမူဝါဒသစ်ကော်မတီ(New Sothern Policy Committee) ဥက္ကဌ နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်တို့လည်း တက်ရောက်ခဲ့ပါတယ်။