အဝေးကွင်းစံချိန်တင်နိုင်ပွဲဆက်မယ့် အခွင့်အရေးကို ဆိုးလ်ရှားလွဲချော်ခဲ့ပါတယ်။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ အစောဆုံးပွဲအဖြစ် လက်စတာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ကြရပြီး ပွဲကောင်းတစ်ပွဲကို အစောဆုံးခံစားခဲ့ကြရပါတယ်။ အဝေးကွင်းမှာ စံချိန်တင်နိုင်ပွဲတွေရခဲ့တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလမ်းကြောင်းပေါ်မှာ အတူတူရှိနေတဲ့ လက်စတာကို အကြိတ်အနယ်ကစားခဲ့ရပါတယ်။ 

အဝေးကွင်းမှာဆိုရင် အိမ်ကွင်းနဲ့မတူညီတဲ့ ပုံစံတွေကိုပြသပြီး နိုင်ပွဲတွေဆက်နေတဲ့ ယူနိုက်တက်ကဟာ ပွဲစကတည်းက လက်စတာကိုဖိအားပေးခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို ရက်ရှ်ဖို့ဒ် ခေါင်းတိုက်ခဲ့ရာမှာ လွဲချော်ခဲ့လို့ ဂိုးစောစောမရခဲ့တာပါ။ လက်စတာကတော့ ယူနိုက်တက်ကို Pressing ကောင်းကောင်းလုပ်ကစားခဲ့ပြီး အခက်တွေ့စေခဲ့ပေမယ့် အဆိုပါကစားပုံကပဲ သူတို့အသင်းကို ပြန်ပြီးအခက်တွေ့စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်၊ ဂျိမ်းစ်တို့ရဲ့အားနဲ့ တန်ပြန်တိုက်စစ်ကို အသုံးပြုခဲ့ပြီး ရက်ရှ်ဖို့်ဒ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပါးနပ်မှု၊ လက်စတာခံစစ်မှူးတွေ အငိုက်မိမှုတွေကြောင့် အဖွင့်ဂိုးရခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဂိုးကိုတော့ လက်စတာအတွက် ခြေစွမ်းပြနေတဲ့ ဘားနက်စ်က ယူနိုက်တက်ခံစစ်အမှားနဲ့ ဒီဂီယာရဲ့ အားနည်းမှုကနေ အဝေးကန်ချက်နဲ့ ပြန်လည်ချေပသွားခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ပွဲက ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး နိုင်ပွဲရဖို့အတွက် နှစ်သင်းစလုံးအားကုန်ထုတ်ခဲ့ပါတယ်။ လူစားလဲမှုတွေ အသီးသီးလုပ်ခဲ့ကြပြီး ယူနိုက်တက်ကပဲ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပါတယ်။ လူစားဝင်တိုက်စစ်မှူးကာဗာနီရဲ့ ဖန်တီးပေးမှုကနေ ဖာနန်ဒက်စ်က အပိုင်ကန်သွင်းရယူခဲ့ပြီး မိနစ် ၈၀ မှာ ဦးဆောင်ဂိုးရခဲ့တာပါ။ ဒါပေမယ့် အဆိုပါဦးဆောင်ဂိုးဟာ ငါးမိနစ်သာ ကြာမြင့်ခဲ့ပြီး ဗာဒီက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

လက်စတာက ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ရာမှာ ဗာဒီရဲ့ ကန်သွင်းချက်ဟာ တွန်ဇီဘီနဲ့ ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာက စိတ်လှုပ်ရှားဖို့ကောင်းမွန်ခဲ့ပါတယ်။ လက်စတာက နာကျင်အချိန်ပိုမှာ အလွတ်တည်ကန်ဘောကတဆင့် အယိုဇီပီရက်ဇ် အပိုင်ပိတ်သွင်းခွင့်ရပေမယ့် လွဲချော်ခဲ့ရလို့ နစ်နာခဲ့ရပြီး ယူနိုက်တက်ကလည်း ဂိုးရဖို့ မစွမ်းဆောင်နိုင်ခဲ့လို့ နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ကာ သူတို့ရဲ့ရလဒ်က လီဗာပူးလ်အတွက်တော့ အကျိုးအမြတ်ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က