အာဆင်နယ်အသင်းဟာ ဘောက်ဆင်ဒေးမှာ ရင်ဆိုင်ရတဲ့ လန်ဒန်ဒါဘီပွဲဖြစ်တာနဲ့အညီ လိုအပ်နေတဲ့ အနိုင်ရလဒ် အတွက် ပွဲစတယ်ဆိုကတည်းက မောင်းတင်ကစားခဲ့ရာမှာ ချဲလ်ဆီးအသင်းကို ဖိအားကောင်းကောင်းပေး ကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၃-၁နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ပွဲစဥ် ၁၄အပြီး ရမှတ် ၁၄မှတ်သာရရှိထားကာ အဆင့် ၁၅နေရာထိ ဆင်းသက်ရပ်တည်နေရတဲ့ အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်ထဲ မရောက်အောင် အသည်းအသန်ကြိုးစားနေရပါတယ်။
ဒီအချိန်မှာ ပွဲကြပ်ကာလနှင့်အတူ ဘောက်ဆင်ဒေးပွဲတွေ ကစားရတာဟာ အာဆင်နယ်အတွက် လှည်းဘီးနွံနစ် သလို အဖြစ်မျိုးနဲ့ ကြုံတွေ့စေတာပါ။
ဒါပေမယ့် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဘောက်ဆင်ဒေးပွဲအဖြစ် ကစားရတဲ့ ချဲလ်ဆီးနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပါတယ်။
ဒီပွဲရှုံးရင် တန်းဆင်းသွားရတော့မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အိမ်ကွင်း အီးမရိတ်မှာ ချဲလ်ဆီးအသင်းကို ဘောလုံး ကောင်းကောင်း ကိုင်ကစားခွင့်မပေးပဲ အတင်းဝင် အတင်းဖြတ်ပုံစံမျိုးနဲ့ မြန်မြန်ဆန်ဆန်ကစားသွားခဲ့တာပါ။
အဓိက တိုက်စစ်မှူး အသင်းခေါင်းဆောင် အူဘာမီယန်း အရံခုံမှာသာ ပါဝင်လာပြီး ဘယ်လာရင်က အသင်းကို ဦးဆောင်ကာ တိုက်စစ်မှာ လာကာဇက်တီကို မာတီနယ်လီနဲ့တွဲဖက်ပေးခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲမတိုင်မီ ပရီးမီးယားလိဂ် ၇ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး ၅ပွဲရှုံး ၂ပွဲသရေကျကာ နောက်ဆုံး ကစားထားတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း မန်စီးတီးကို ရှုံးနိမ့်ထားပါသေးတယ်။
ဒါကြောင့် လာမယ့် အနီးကပ်ဆုံး လိဂ်၃ပွဲဟာ အာဆင်နယ်ရဲ့လားရာကို အဖြေပေးမယ်လို့ နည်းပြ အာတီတာက ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် နာရီပိုင်း အလိုကမှ ထုတ်ပြောခဲ့ပါသေးတယ်။
ယနေ့ ပထမဆုံး ကျော်ဖြတ်တဲ့ အပြာရောင် ခြင်္သေ့လို့ခေါ်တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာတော့ ပထမပိုင်းမှာတင် ၂-၀နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အစောပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ လာကာဇက်တီ ပင်နယ်တီမှတဆင့် ဂိုးပေါက်ရှာတွေ့ခဲ့ သလို တောက်လျှောက် ဗီလိန်ဖြစ်နေခဲ့တဲ့ ဇာခါဟာလည်း ဒီနေ့ပွဲမှာ သူရဲကောင်းစာရင်း ဝင်လာခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးက ချေပဂိုးတွေ ပြန်ရဖို့ တိုက်စစ်ဆင်လာပေမယ့် အာဆင်နယ်အသင်းကလည်း လျော့မကစားပဲ ပြန်လည်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ရာ ၅၆မိနစ်မှာတော့ ဆာကာရဲ့ အမှတ်မထင် ဖြတ်တင် ဘောက ဂိုးသမားကို ကျော်ဝင်သွားလို့ အာဆင်နယ်အသင်း ၃-၀နဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ကွင်းလယ်လူ ကန်တေအစား ကိုင်ဟာဗက်စ်ကို လူစားလဲကာ အာဆင်နယ်အသင်းဖက်ကို ဆက်လက် ရင်ဆိုင်ခဲ့ရာမှာတော့ ပွဲကစားချိန်၈၅မိနစ်အရောက် တန်ပြန်တိုက်စစ်ကတဆင့် အေဗရာဟင်က ချဲလ်ဆီး အသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။
ဒီဂိုးဟာ လူကျွံအနေအထားမှာ အနည်းငယ်ရှိခဲ့လို့VARပြန်ကြည့်ခဲ့ရာပေမယ့် အေဗရာဟင် လူမကျွံနေခဲ့တာ ကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
တရစပ်ဆိုသလို ချဲလ်ဆီးအသင်း တိုက်စစ်ဆင်လာရာ မိနစ်၉၀မှာ ပင်နယ်တီကန်ခွင့်ထပ်ရခဲ့ပြီး အသင်းခေါင်း ဆောင် ဂျော်ဂျင်ဟို ကန်သွင်းခဲ့ပေမယ့် ဂိုးသမား လီနို အမိအရ ကာကွယ်နိုင်ခဲ့ပါတယ်။
ဘောက်ဆင်ဒေးမှာ ကစားနေတဲ့ လန်ဒန်ဒါဘီပွဲလို့ မပြောရလောက်ဘူး ပွဲက ပြီးခါနီးလေ အလှည့်အပြောင်းတွေ ဖြစ်ဖို့ များလာလေပါ။
ဒါပေမယ့်လည်း ပင်နယ်တီ မဝင်မှုနဲ့အတူ ချဲလ်ဆီးအသင်းရဲ့ သရေမျှော်လင့်ချက်ရောင်ခြည်ဟာ ပြည့်ခါနီး မိနစ် တွေလို တဖြည်းဖြည်း ပြီးဆုံးခဲ့ရပါတယ်။
အာဆင်နယ်အသင်းကတော့ နိုင်ပွဲနှင့်အတူ ရမှတ် ၁၇မှတ်ထိရရှိခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၄နေရာကို ယာ ယီတက်လှမ်းထားနိုင်ပါတယ်။
Share