စိုးပြည့်သဇင်ကတော့ အလုပ်နဲ့ ပတ်သက်လာရင် အရမ်းကို အာရုံစိုက်တတ်တဲ့သူဖြစ်လို့ Live Sale ရောင်းတဲ့ အခါမှာ ကြုံခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါတယ်။
Photo: Oakkar
အဆိုတော်၊ သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာအလုပ်တွေ နားထားရတဲ့ အချိန်မှာ ကျောက်မြတ်ရတနာ Live Sale လေးတွေကို ရောင်းချနေတာ တွေ့ရပါတယ်။ ဝယ်သူတွေ စိတ်ဝင်စားအောင် စကားအများကြီး မပြောတတ်ပေမယ့်လို့ စိတ်ရှည်ရှည်နဲ့ ရောင်းပေးလေ့ရှိတယ်လို့ သူကဆိုပါတယ်။
“ ဒီကာလမှာတော့ စီးပွားရေးကတော့ လူတိုင်းအလိုလို အခက်အခဲတွေ ရှိတာပဲလေ။ ဒီအခက်အခဲတွေကြားက အဆင်ပြေအောင် နေထိုင်ကြရတာပါပဲလေ။ အခုချိန်မှာ အနုပညာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ မရှိပေမယ့် Live Sale လေးတွေ လုပ်ဖြစ်တယ်။ အနုပညာအလုပ်မဟုတ်ပေမယ့်လည်း ဒါက ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတယ်။ Live Sale လေးတွေတော့ လုပ်ဖြစ်တယ်။ စိုးပြည့်က စကားပြောတတ်တဲ့ အထဲမှာတော့ သိပ်မပါပေမယ့် စိတ်ရှည်လက်ရှည် ပြောတတ်တဲ့ အထဲမှာတော့ ပါတယ်။ စေတနာလည်း ထားတယ်၊ ဝယ်တဲ့သူကိုရော၊ ရောင်းတဲ့ သူကိုရောအဆင်ပြေစေချင်တယ်" လို့ Duwun ကို ပြောပါတယ်။
Photo: Amazing Grace
စိုးပြည့်သဇင်ဟာ အနုပညာအလုပ်သာမက သူမကို လာရောက်ကမ်းလှမ်းတဲ့ အလုပ်တွေ မှန်သမျှ သေသေချာချာ ဂရုတစိုက် ကြိုးစားလေ့ရှိတယ်လို့ ပြောပါတယ်။ အခုဆိုရင် Live Sale ရောင်းနေရတဲ့ အချိန်မှာ ရေသောက်ဖို့တောင် မေ့နေမိတယ်လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပြန်ပါသေးတယ်။
“ စိုးပြည့်ကတော့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ် သိသလောက် ပရိသတ်တွေကို ရှင်းပြမယ်၊ ပြောပြမယ်၊စေတနာထားတယ်။ ကျန်တာတော့ စိုးပြည့် မတွေးဘူး၊ ဒါကလည်း ဒီလို Live Sale မှ မဟုတ်ဘူး စိုးပြည့်ကို လာကမ်းလှမ်းတဲ့ အလုပ်တိုင်းကို စိတ်အားရော၊ လူအားရော ကြိုးစားပြီးတော့ စိုးပြည့် ပြောပြတယ်။ တစ်ခါတလေ ရေသောက်ဖို့တောင် မေ့နေလို့ ပရိသတ်တွေက ရေသောက်ပါဦးလို့တောင် ပြောကြတဲ့ သူတွေရှိတယ်။ စိုးပြည့်က အလုပ်တစ်ခု လုပ်ပြီဆိုရင် ကျန်တာတွေ မေ့ကုန်ရော” လို့ သူက ဆိုပါတယ်။
Photo: Soe Pyae Thazin
စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။