အစိုးရက ကိုဗစ် ၁၉ရောဂါ စစ်ဆေးကုသခွင့် ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ဆေးရုံနှစ်ခုမှာ Test Kit တွေမရှိသေးတဲ့အတွက် ရောဂါပိုးရှိ ၊မရှိ မစစ်ဆေးနိုင်သေးသလို ကုသခွင့်လည်း မပြုလုပ်ပေးနိုင်သေးဘူးလို့ သိရပါတယ်။
အစိုးရက ခွင့်ပြုပေမယ့်လည်း ရောဂါရှာဖွေတဲ့ test kit တွေက ချက်ချင်းဝယ်ယူလို့မရသေးတာကြောင့် ယနေ့ထိ စစ်ဆေးကုသခွင့်မဆောင်ရွက်ပေးနိုင်တာလည်းဖြစ်ပါတယ်။
“ စတင်စစ်ဆေးကုသခွင့်တွေကတော့ သက်ဆိုင်ရာ ဆေးရုံတွေက ပိုပြီး သိလိမ့်မယ်။ အခုက အစိုးရက ခွင့်ပြုလိုက်ပေမယ့်လည်း ရောဂါရှာဖွေစစ်ဆေးဖို့အတွက် test kit တွေက ချက်ချင်းဝယ်လို့မရသေးဘူး။ ဝယ်ယူဖို့ ခွင့်ပြုခွင့်ရမှ အော်ဒါ တင်ရမှာ။ ဒီဘက်က အော်ဒါတင်မှလည်း တစ်ဖက်က တင်သွင်းခွင့်တွေဘာတွေပြန်တောင်းရမှာ။ လောလောဆယ်မှာ ဒါတွေလုပ်နေရတော့ ဆေးရုံတွေမှာ ချက်ချင်းစစ်ဆေးကုသခွင့်မပေးနိုင်သေးတာပါ”လို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က Duwunကိုပြောပါတယ်။
ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ပိုးစစ်ဆေးနိုင်ခွင့်နဲ့ ဆေးကုသခွင့်ကိုတော့ ရန်ကုန်က ပန်းလှိုင်ဆေးရုံနဲ့ N Health Myanmar ဆေးရုံတို့ကို အစိုးရက ပထမဆုံးခွင့်ပြုခဲ့ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမယ့် သာမန်ကိုဗစ်လူနာတစ်ဦးရဲ့ တစ်ရက် ဆေးကုသစရိတ်က ပျမ်းမျှအားဖြင့် ကျပ်တစ်သိန်းခွဲ ဝန်းကျင်ကုန်မယ်လို့ သိရပါတယ်။
ပြင်းထန်လူနာ ICUခန်းမှာ ထားရှိကုသရမယ့် လူနာတစ်ဦးရဲ့ တစ်ရက်ကုန်ကျစရိတ်ကတော့ နှစ်သိန်း ၊သုံးသိန်းဝန်းကျင်မှာရှိပြီး ကုန်ကျစရိတ်အားလုံးကိုတွက်ချက်မယ်ဆိုရင်တော့ လူနာတွေရဲ့ ရောဂါအခြေအနေတွေမူတည်ပြီး ကုန်ကျစရိတ်ကွာခြားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။