နှင်းသွေးယုအောင်ကတော့ " From Chaophraya to Ayeyarwaddy" လို့ အမည်ပေးထားတဲ့ ထိုင်းဇာတ်လမ်းတွဲထဲမှာ အဓိက သရုပ်ဆောင် တစ်ဦးအနေနဲ့ ပါဝင်သွားမှာပါ။
Photo: HPY
အလှမယ် နှင်းသွေးယုအောင်ဟာ " From Chaophraya to Ayeyarwaddy" ဇာတ်လမ်းတွဲကို ထိုင်း နိုင်ငံမှ ဒါရိုက်တာ၊ ထိုင်း အနုပညာရှင်များစွာတို့နဲ့ ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်ရမယ့် ကာရိုက်တာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ လက်ရှိမှာတော့ နှင်းသွေး ဘန်ကောက်ကို " From Chaophraya to Ayeyarwaddy" ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ရောက်ရှိနေတာပါ။ ဒီဇာတ်ကားထဲမှာ နှင်းသွေးက အဓိက သရုပ်ဆောင်တွေထဲက တစ်ယောက်ပါဝင်မှာပါ။ ပြီးတော့ နှင်းသွေးက ထိုင်းလို ပြောရမှာ များတယ်။ ပါဝင်ရမယ့် ကာရိုက်တာကလည်း လူဝင်စားပြန်ဖြစ်တဲ့ မြန်မာ မလေးဖြစ်သွားတဲ့ အချိန်မှာတောင် ထိုင်းစကားတတ်တဲ့ မြန်မာမလေးဖြစ်သွားတယ်ပေါ့။ ရှေးဘဝနဲ့ လူပြန်ဝင်စားတဲ့ ဘဝမျိုးပေါ့။ ရှေးဘဝကို သရုပ်ဆောင်ရတဲ့ အချိန်မှာ ထိုင်းစကားချည်းပဲ ပြောရမှာပေါ့" လို့ Duwun ကို ပြောပါတယ်။
Photo: Every Love Coffee
" From Chaophraya to Ayeyarwaddy" ဇာတ်လမ်းတွဲထဲမှာ မြန်မာအနုပညာရှင်တွေ အနေနဲ့ သရုပ်ဆောင် ဒေါင်းလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒေါင်း နဲ့ ဇာတ်လမ်းတွဲ အတူတူ မရိုက်ခင်မှာ အပြင်က ဆက်ဆံရေးအပေါ် သူမရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။
“ဒီဇာတ်ကားထဲမှာ ကိုဒေါင်းလည်း ပါဝင်သရုပ်ဆောင်ရမှာဖြစ်လို့ ခွန်အားလည်း ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဒေါင်းဟာ မြန်မာနိုင်ငံမှာ ပရိသတ်အခိုင်အမာ ရရှိပြီးသား သရုပ်ဆောင်လည်းဖြစ်တယ်၊ သူ့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် နာမည်ကောင်းနဲ့ ကျော်ကြားနေတဲ့သူတစ်ယောက်၊ သူ့ရဲ့ အပြင်မှာ ပြုမူပြောဆိုပုံတွေကလည်း ဂျူနီယာ တစ်ယောက်အနေနဲ့ သူအောင်မြင်တယ်၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ဒီလိုလေးတွေ လုပ်လို့ပါလား ဆိုတဲ့ အတွေ့အကြုံလေးတွေရတယ်” လို့ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Hnin Thway Yu Aung
နှင်းသွေးယုအောင်ဟာ Miss Myanmar 2018 အလှမယ်ဆုကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် အလုပ်နဲ့ ပတ်သက်ပြီး အမြဲတမ်း မြင်တွေ့ရလေ့ရှိသူမဟုတ်ပါဘူး။ ဒါပေမယ့် " From Chaophraya to Ayeyarwaddy" ဆိုတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းတွေကို ပရိသတ်တွေ မြင်တွေ့ရတော့မှာပါ။ ဒီဇာတ်ကားအတွက် သူမ ကိုယ်တိုင်သာမက ပရိသတ်တွေကလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေပြီလို့ သိရပါတယ်။