ဦးကျော်သူက ကြေညာလိုက်တာပါ။
နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးကျော်သူကတော့ အသင်းရဲ့ အတွင်းရေးမှူး နေရာကို ထွန်းကိုကိုအား ခန့်အပ်လိုက်ပြီဆိုတာကို ဒီနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။ 

Photo: Tun Ko Ko



သရုပ်ဆောင် မော်ဒယ်လ် ထွန်းကိုကိုကတော့ ဒီနေ့ (ဒီဇင်ဘာလ ၂၇ ရက်) ကစတင်လို့ နာရေးကူညီမှု အသင်းရဲ့ အတွင်းရေးမှူး ရာထူးကို ရရှိသွားပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ဦးကျော်သူက တရားဝင် ကြေညာလိုက်တာပါ။ 

" အားလုံး မင်္ဂလာပါခင်ဗျာ။ ယခင်က အတွင်းရေးမှူးနေရာတွင် ကျွန်တော်၏ပါရမီဖြည့်ဖက် ရွှေဇီးကွက် ပါဝင်ခဲ့သော်လည်း သူမသည် ယခုအခါ၌ ဘာသာရေးအား အဓိက ကျင့်ကြံကြိုးကုတ်လိုသောဆန္ဒဖြင့် အသင်းကြီးအား အကြံပေးBOD အဖွဲ့ဝင် တာဝန်နေရာမှ ပေးဆပ်ကာ ယခု ၂၀၂၁ခုနှစ်သစ်မှ စတင်ကာ မော်ဒယ် သရုပ်ဆောင် ကိုထွန်းကိုကိုအား သူမမှ ဆန္ဒပြုပေးခဲ့သလို (BOD) အဖွဲ့ဝင် များ၏သဘောတူညီချက်ဖြင့် နေရာပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လစာမဲ့၍ အချိန်ပြည့်စဉ်ဆက်မပြတ်လာရောက်ပေးဆပ်နေကြသော အခမဲ့ဥက္ကဌ နှင့် အခမဲ့ အတွင်းရေးမှူး အနုပညာညီအစ်ကိုနှစ်ယောက်မှ (၂၀၂၁) ခုနှစ်သစ်အား ကြိုဆိုနူတ်ခွန်းဆက်ရင်းဖြင့် အများပြည်သူလူထုတို့အား အမိမြန်မာပြည်ကြီးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပေးဆပ်မှုများပြုပေးရင်းဖြင့် မိမိတို့ ၏ သံသရာအတွက်ပါရှိမည့် ကုသိုလ်ထုပ် များအား အတူတကွစတင် ထုပ်ပိုးနေပြီဖြစ်ပါကြောင်း ချစ်သူ၊မုန်းသူအားလုံးအား အသိပေးလိုက်ရပါသည်" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၇) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Tun Ko Ko

နာရေးကူညီမှု အသင်းကြီးကိုတော့ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ စတင်တည်ထောင်လာတာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဒေါ်ရွှေဇီးကွက်ဟာ အတွင်းရေးမှူး နေရာမှာတာဝန်ထမ်းဆောင်ခဲ့တာပါ။ နာရေးကူညီမှု အသင်းကြီးရဲ့ ပဲ့ကိုင်ရှင် ဦးကျော်သူ ဦးစီးပြီး အဆိုပါ အသင်းကြီးကနေ တစ်ဆင့် ပရဟိတလုပ်ငန်းတွေ၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေ စသည်တို့ကို လုပ်ကိုင်လျှက်ရှိပါတယ်။ အဆိုပါအသင်းမှာ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရမယ့် ထွန်းကိုကို အနေနဲ့ လုပ်ခလစာ မရဘဲ ပရဟိတ လုပ်အားအဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

“ အခမဲ့ ဥက္ကဌ နဲ့ အခမဲ့ အတွင်းရေးမှူး အနုပညာညီအစ်ကို တို့ ၏ပေါင်းစည်းမှုပရဟိတခွန်အားများ ၂၀၂၁ ခုနှစ်သစ် အားကြိုဆိုလိုက်ပါပြီ။ အသင်းအဖွဲ့မှာ ကြီးမားတိုးမြင့်လာသည်နှင့် အညီ လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ပြဿနာပေါင်းစုံဖြစ်လာတော့၍ အုပ်ချုပ်မှုမြင့်မားလာတော့သည်။ စည်းကမ်းချက်များ များပြားလာရတော့သည်။ ဥက္ကဌ၊ ဒု ဥက္ကဌ၊ အတွင်းရေးမှူး၊ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့(BOD) အဖွဲ့၊ကြီးကြပ်ရေးမှူးများ၊ ဝန်ထမ်းများ၊ လုပ်အားပေးများ၊ စည်းကမ်းထိမ်းသိမ်း ပညာပေးမှုအဖွဲ့များ စသည်တို့ကိုဖွဲ့စည်းလာခဲ့ရသည်။ ဝန်ထမ်း(၉၀) ကျော်ခန့်ကလွဲ၍ မည်သူမျှ လစာမယူရပါ။ အသင်းသည် မိမိအတွက်မဖြစ်စေရ။ မိမိကသာ အသင်းအတွက်ဖြစ်စေရမည်" လို့လည်း ဆက်လက် ရေးသားထားပါတယ်။ 

Photo: Tun Ko Ko

ထွန်းကိုကိုဟာ ပရဟိတလုပ်ငန်းတွေကို နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်အပေါ် ကြိုးစားဆောင်ရွက်မှုတွေကြောင့် နာရေးကူညီမှုအသင်းရဲ့ ဆက်ခံသူဖြစ်လာလေမလားဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့နေပါတယ်။ ဒါ့အပြင် သူ့ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေနဲ့လည်း " ထွန်းကိုကို ကိုချစ်ကြသူများ" ဆိုတဲ့ အဖွဲ့လည်း ဖွဲ့စည်းပြီး လစဉ် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က