ပြည်မြိုနယ်ထဲမှာ လော့ဒေါင်းအချခံထားရတဲ့ ပုဂ္ဂလိကဆေးရုံ ၃ ခုအထိရှိနေပြီဖြစ်ပါတယ်။

ပြည်မြို့က ပုဂ္ဂလိကဆေးရုံ နှစ်ခုကနေ ကိုဗစ်လူနာ တွေ့ရှိတာကြောင့် အဲ့ဒီဆေးရုံတွေကို ၇ ရက် လော့ဒေါင်း ပြုလုပ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။



ပိုးတွေ့လူနာ ၂ ဦးဟာ ပြည်မြို့ရှိ သံလွင်ဆေးရုံနဲ့ ပါရမီရှင်ဆေးရုံ မှာ တက်ရောက်ကုသမှုခံယူခဲ့သူတွေဖြစ်ပါတယ်။သံလွင်ဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့လူနာဟာ ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါဖြင့် သံလွင်ဆေးရုံကိုတက်ရောက်လာခြင်းဖြစ်ပြီး ယင်းကမှ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသဖို့ သွားရောက်ခဲ့ရာမှ ကိုဗစ်ပိုးရှိကြောင်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သိရှိရတာဖြစ်ပါတယ်။

ပါရမီရှင်ဆေးရုံကလူနာကတော့ ကုသမှုခံယူနေရင်း Pressure ထိုးကျတာကြောင့် ဒီနေ့မှာ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကိုပြောင်းရွှေ့ကုသစဉ် ကိုဗစ်ပိုးရှိကြောင်းသိရှိခဲ့ရတာဖြစ်ပါတယ်။

"ဒီနေ့ ပါရမီရှင်ဆေးရုံက တစ်ယောက်ထပ်တွေ့တယ်။ အချိန်တိုင်း ကျွန်တော်တို့နဲ့တိုင်ပင်ပါ

တယ်။ လုပ်ရမယ့်အပိုင်းကို အကုန်လုံးစီစဉ်ထားတယ်။ လုပ်ရမယ့် guideline အကုန်လုပ်ပါတယ်။ပြည်ကဆေးရုံတွေကလည်း အကုန်လုပ်နေပါတယ်။ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ လူနာလာရက်ဘယ်လိုလက်ခံရမယ်ဆိုတာလည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ပြည်မြို့နယ် ကိုဗစ်ကော်မတီအလွန်တော်ပါတယ်"လို့ ပဲခူးတိုင်း ကျန်းမာရေးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

လက်ရှိ မှာတော့ အဲ့ဒီဆေးရုံ နှစ်ခုကို ၇ ရက် အဝင်အထွက်ကန့်သတ်ကာ လော့‌ဒေါင်းပြုလုပ်ထားပြီး၊ ထိစပ်သူတွေကို ပြည်မြို့က ကွာရန်တင်းစင်တာမှာပို့ဆောင်ထားကြောင်း၊ ကျန်တဲ့ ဆေးရုံတက်လူနာတွေကတော့ သက်ဆိုင်ရာ ဆေးရုံမှာပဲ hospital Quarantine ဝင်နေရမှာဖြစ်တယ်လို့သိရပါတယ်။အထူးကု ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအဝင် ထိစပ်သူပေါင်း ၅၀ ကျော်လောက်ရှိခဲ့ပါတယ်။

"လူနာရောက်လာချိန်မှာ သွေးပေါင်ချိန် အရမ်းတိုးပြီး သတိလစ် ကိုယ်တခြမ်းလှုပ်မရ၊ လေဖြတ်ပြီး ရောက်လာပေမယ့်၊အဖျား မရှိပါဘူး။လူနာကို ရန်ကုန်လွှဲတာကလည်း ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါ ဖြစ်ပါတယ် ၊CoVid 19 သံသယ လူနာ မဟုတ်ပါဘူး။ခု ကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်နဲ့ ဆေးရုံကို လော့ဒေါင်း လုပ်ထားပါတယ်။ လူနာအသစ်ထပ်လက်ခံခြင်းမရှိပါဘူး"လို့ သံလွင်ဆေးရုံဘက်က သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက လည်း ပြည်မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်တဲ့ ဇော်မြင့်မိုရ်ဆေးရုံကလူနာ တစ်ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးရုံကို ၇ ရက်ပိတ်ထားကြောင်း၊အဲ့ဒီဆေးရုံမှ ပိုးတွေ့လူနာနဲ့ထိစပ်သူတွေထဲက သူနာပြု ၂ ဦးမှာ ကိုဗစ်ပိုးထပ်မံတွေ့ရှိရတယ်လို့သိရပါတယ်။

ဒါကြောင့် ခုဆိုရင် ပြည်မြိုနယ်ထဲမှာ လော့ဒေါင်းအချခံထားရတဲ့ ပုဂ္ဂလိကဆေးရုံ ၃ ခုအထိရှိနေပြီဖြစ်ပါတယ်။ပုဂ္ဂလိကဆေးရုံတွေကို လာရောက်ကုသတဲ့လူနာ တွေမှာ ကိုဗစ်ပိုးတွေ့နေရတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်မှုဖြစ်နေပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က