တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဓားကိုင်တိုက်ခိုက်သူတစ်ဦးက တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။
(Photo: AP)
Liaoning ပြည်နယ်ရှိ Kaiyuan မြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ လူအများအပြားကို ဓားဖြင့်တိုက်ခိုက်မှုအတွင်း နောက်ထပ်ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဓားဖြင့်တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပေမဲ့ တိုက်ခိုက်တဲ့အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း Xinhua သတင်းဌာနက ပြောပါတယ်။
မျက်မြင်တွေရဲ့ ပြောကြားမှုအရ ဓားကိုင်အမျိုးသားက ကြုံရာလူကို ဓားဖြင့်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ Kaiyuan မြို့မှာ ဓားတိုက်ဖြင့်တိုက်ခိုက်သူဟာ ယမန်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post (SCMP) သတင်းစာက ဖော်ပြပါတယ်။ ဓားကိုင်အမျိုးသားနဲ့ ထိပ်တိုက်တွေ့ခဲ့ရာမှာ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
(Map: BBC)
SCMP က သတင်းဖော်ပြမှုအရ စာသင်ကျောင်းတစ်ကျောင်းရဲ့ အပြင်ဘက်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေဟာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးများဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ဥပဒေက သေနတ်ကိုင်ဆောင်ခြင်းနဲ့ ရောင်းချခြင်းကို ကန့်သတ်ထားပြီး လူအများအပြားကို တိုက်ခိုက်မှုတွေမှာ ဓားများ သို့မဟုတ် အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြင့် လုပ်ဆောင်လေ့ရှိပါတယ်။
အခြား နိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက တရုတ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပွားမှုနည်းပေမဲ့ လတ်တလော နှစ်များအတွင်းမှာတော့ ဓားဖြင့်တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ယခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံ Guangxi နယ်မြေတောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းလုံခြုံရေးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဘေဂျင်းမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုမှာတော့ လူတစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။