ခင်ရတနာစိုးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တစ်ခုကိုဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။
Photo: Khin Yadanar Soe
ခင်ရတနာစိုးကတော့ ခင်ပွန်းဖြစ်သူနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းနာမည်က စိုင်းထက်ကျော်ပါ။ သူတို့ ဇနီးမောင်နှံဟာ အခုဆိုရင် အိမ်ထောင်သက်တမ်း (၅) နှစ်ရှိပြီလို့ သိရပါတယ်။ ကျောင်းသားအရွယ်မှာ အိမ်ထောင်ပြုခဲ့ရတဲ့ အခက်အခဲတွေကို Duwun ကနေတဆင့် ပြောပြခဲ့ပါတယ်။
“ အိမ်ထောင်သက်တမ်းက (၅) နှစ်ရှိပါပြီ။ အိမ်ထောင်ကျခါစတုန်းကဆိုရင် အရမ်းခက်ခဲတယ်။ ညီမကို အိမ်ထောင်ကျသွားလို့ စိတ်ဆိုးထားကြတာထက် လူကြီးတွေရဲ့ အိပ်မက်ကို ညီမက ရိုက်ချိုးလိုက်သလို ဖြစ်သွားတော့ စိတ်ဆိုးတာပါ။ သူ့ကိုလည်း ညီမဘက်က အသိုင်းအဝိုင်းက ချစ်ပေးကြပါတယ်။ သူနဲ့ ညီမနဲ့ ညားတုန်းက သူက ကျောင်းသားပဲရှိသေးတယ်။ ညီမက ကျတော့ မေမေက သီချင်းတစ်ပွဲဆိုရင် မုန့်ဖိုး (၃) သာင်းပေးတယ်။ ပြီးတော့ သူ့ရဲ့ မိဘတွေကလည်း မုန့်ဖိုးတွေ ပေးကြတယ်။ ပြီးတော့ စီးပွားရေး အတည်တကျဖြစ်အောင်လို့ သူ့ရဲ့ မိဘတွေက စီးပွားရေးလေးတွေ ထောင်ပေးတယ်။ သူကလည်း အလုပ်ကြိုးစားပါတယ်” လို့ ဆိုပါတယ်။
Photo: Khin Yadanar Soe
ခင်ရတနာစိုးဟာ လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာအလုပ်ကိုလည်း ခင်ပွန်းဖြစ်သူက နားလည်မှု အပြည့်ပေးထားတယ်လို့ ပြောပါတယ်။ ခင်ပွန်းက သူမထက် အသက်(၉)လကြီးပေမယ့် အစ်ကို တစ်ယောက်လို မေတ္တာတွေ ပေးနိုင်တယ်လို့လည်း ခင်ရတနာစိုးက အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
ခင်ရတနာစိုးဟာ ဂီတ နဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆိုင်းပွဲတွေမှာ သီချင်းတွေ သီဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူမဟာ ဖခင်ဆုံးပါးသွားတဲ့နောက် အသက်(၁၂) နှစ်အရွယ်မှာ ကိုယ်ပိုင် ဆိုင်းဝိုင်းရရှိခဲ့တာဖြစ်ပြီး ဆိုင်းတီးရာမှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာမို့ ရွှေတံဆိပ်ဆုတွေလည်း ရရှိခဲ့ဖူးတာကိုလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ Myanmar idol သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ The Voice Myanmar (Season-3) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Final Round အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် Winner ဆုနဲ့ လွဲချော်သွားခဲ့ရပါတယ်။