ဒီယေဂို ကော်စတာအနေနဲ့ စာချုပ်သက်တမ်းထက် ၆လလောက်စောပြီး အသင်းက ထွက်ခွာခွင့်တောင်းခံလာပြီး အက်သလက်ဖက်ကလည်း လိုက်လျောပေးဖို့ အနေအထားမှာရှိနေတယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ လက်ရှိကစားနေတဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် တောင်းခံလာပါတယ်။
အသက် ၃၂နှစ်ရှိပြီ ဖြစ်တဲ့ ကော်စတာဟာ အက်သလက်မှာ ၃ပွဲမျှသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစား ထားနိုင်ပြီး သူ့နေရာမှာ ဂျာအိုဖိလစ်နဲ့ကစားသမားသစ် ဆွာရက်ဇ်တို့က နေရာရနေကြပါတယ်။
ဒါ့အပြင် ဒဏ်ရာကြောင့်လည်း ရာသီစကတည်းက ယခုအချိန်ထိ တစ်ဂိုးသာသွင်းယူပေးထားနိုင်သလို ချန်ပီယံ လိဂ် အုပ်စုပွဲစဥ် ၆ပွဲစလုံးကိုလည်း လွဲချော်ခဲ့ပါတယ်။
လက်ရှိမှာတော့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ပယ်လ်မီရီက ကော်စတာအနေနဲ့ ချုပ်ဆိုထားတဲ့ သဘောတူချက် မှာပါဝင်တဲ့ သဘောတူညီမှုထက် ၆လခန့်စောပြီး အသင်းကထွက်ခွာခွင့်တောင်းဆိုလာတာပါလို့ ဖော်ပြလာပါ တယ်။
အသင်းဖက်ကလည်း လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးရင် စာချုပ်သက်တမ်း မတိုးတော့ဘူးလို့ ထုတ်ဖော် ပြောထားတာကြောင့် ရာသီကုန်ရင် အလွတ်ထွက်ခွာခွင့်ရှိနေသူပါ။
ဒါကြောင့် ကလပ်အသင်းရဲ့ ဥက္ကဌကလည်း ကော်စတာရဲ့ စာချုပ်ကို လာမယ့် ဇန်နဝါရီမှာ တရားဝင် ဖျက်သိမ်း ပေးဖို့ ရှိနေကာ ကော်စတာကိုတော့ စပါးနဲ့ပီအက်စ်ဂျီတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။
ကော်စတာကတော့ ၂၀၀၇ခုနှစ်မှာ အက်သလက်တီကိုကို စတင်ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ ချက်ခြင်း ကစားခွင့်မ ရခဲ့ပါဘူး။
ရောက်ရောက်ခြင်းမှာပဲ ဘရာဂါ၊ဆဲလ်တာအသင်းတို့ကို အငှားချ ကစားစေခြင်း ခံခဲ့ရကာ ၂၀၀၉မှာတော့ ဗယ်လာ ဒိုလစ်အသင်းထံ အပြီးသတ် ရောင်းချခြင်း ခံခဲ့ရသူပါ။
အဲ့နောက် တစ်နှစ်အကြာမှာ အက်သလက်ကို ပြန်ရောက်လာပြီး ၂၀၁၂မှာ တစ်ခါ ဗယ်လက်ကာနိုအသင်းထံ အငှားချကစားစေခြင်း ခံရပြန်ပါတယ်။
၂၀၁၄မှာတော့ ချဲလ်ဆီးအသင်းထံ ရောက်ရှိခဲ့ပြန်သလို ၂၀၁၈မှာတော့ ဌာနလို့ တင်စားရမယ့် အက်သလက်ထံ ပြန်ရောက်နေခဲ့တာ အခုတိုင်အောင်ပါပဲ။
Share