အင်္ဂလန်နိုင်ငံမှ ရဲအရာရှိတစ်ဦးရဲ့ မျက်နှာတွေကို မှတ်မိနိုင်မှု ပင်ကိုယ်စွမ်းရည်က အံ့မခန်းဖြစ်ပြီး ယခုအခါ သံသယရှိသူ ၂,၀၀၀ ကျော်ရဲ့ မျက်နှာတွေကို ခွဲခြားမှတ်မိနေပြီလို့ ဆိုပါတယ်။
(Photo: West Midlands Police)
West Midlands ရဲဌာနမှ PCSO (Police community support officer) ဖြစ်သူ အန်ဒီပုပ်က ၎င်းဟာ လူတွေရဲ့မျက်နှာကို နှစ်ပေါင်းများစွာကြာ မှတ်မိနေနိုင်ကြောင်းနဲ့ မျက်နှာဖုံးအုပ်ထားတဲ့ အလိုရှိသူတွေကိုပင် ခွဲခြားသိနိုင်တယ်လို့ ပြောပါတယ်။ ထိုသို့ မှတ်မိနိုင်စွမ်းဖြင့် ငါးနှစ်အတွင်း သံသယရှိသူ ၁,၀၀၀ ကျော်ကို ခွဲခြားနိုင်မှုအတွက် အသက် ၄၃ နှစ်အရွယ် ရဲအရာရှိကို ၂၀၁၈ ခုနှစ်မှာ ရဲတပ်ဖွဲ့အကြီးအကဲက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။
ယခုအခါမှာတော့ ရဲအရာရှိအန်ဒီက ၂၀၂၂ ခုနှစ်အရောက်မှာ သံသယရှိသူ ၂,၅၀၀ ရဲ့ မျက်နှာတွေကို မှတ်မိနေရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Redditch မြို့သား ရဲအရာရှိအန်ဒီက ၎င်းရဲ့ ပင်ကိုယ်စွမ်းရည်ဟာ ရှင်းပြရန်မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ လူတွေရဲ့မျက်နှာကို မှတ်မိနိုင်စွမ်းကောင်းလှတဲ့ အန်ဒီကို "မှတ်ဉာဏ်လူသား" လို့ လုပ်ဖော်ကိုင်ဖက်တွေက နာမည်ပြောင်ပေးထားကြပါတယ်။
(Photo: West Midlands Police)
ရဲအရာရှိအန်ဒီက ရဲတပ်ဖွဲ့က အလိုရှိသူတွေရဲ့ မျက်နှာတွေကို အချိန်နဲ့အညီ ပြောင်းလဲမှတ်သားနိုင်တယ်လို့လည်း ဆိုပါတယ်။ အန်ဒီဟာ ဘာမင်ဂမ်မြို့မှာ တာဝန်ကျနေပြီး West Midlands ရှိ သယ်ယူပို့ဆောင်ရေးနေရာတွေကို ကင်းလှည့်စောင့်ကြပ်ရပြီး ၎င်းရဲ့တာဝန်ချိန်အများစုဟာ ရထားနဲ့ ဘတ်စ်ကားများပေါ်မှာ ဖြစ်ပါတယ်။
ရဲအရာရှိအန်ဒီက တစ်ရက်အတွင်း သံသယရှိသူ အများဆုံးအရေအတွက် စံချိန်တင် ခွဲခြားဖော်ထုတ်နိုင်မှုဟာ ၁၇ ဦး ဖြစ်ခဲ့ပြီး ၎င်းဟာ အဖွဲ့ဝင် ၂၀ ဦးမျှသာရှိတဲ့ Association of Super Recognisers အဖွဲ့အစည်းရဲ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ရဲအရာရှိအန်ဒီဟာ ၎င်းရဲ့ ပင်ကိုယ်စွမ်းဆောင်နိုင်မှုကြောင့် Amplifon Awards for Brave Britons 2020 ဆုအတွက် အမည်စာရင်းတင်သွင်းခံထားရကြောင်းလည်း သိရပါတယ်။