တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာအစားထိုးယာဉ်မောင်း၄၁ ဦးကို တရုတ်အစိုးရဘက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌဦးမင်းသိန်းဆီကသိရပါတယ်။
မူဆယ်/ကြယ်ခေါင်ကားအဝင် အထွက်ဂိတ်မှ အစားထိုးယာဉ်မောင်း (၁၈ဦး)၊
ကျင်စန်းကျော့ကားအဝင်အထွက်ဂိတ်မှ အစားထိုးယာဉ်မောင်း(၂၃ဦး) စုစုပေါင်းအစားထိုးယာဉ်မောင်း (၄၁)ဦးကို ရွှေလီမြို့မှာ ပထမအဆင့်အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အဲ့ဒီအစားထိုးယာဉ်မောင်း ၄၁ ဦးက မြန်မာနိုင်ငံ သားတွေထဲမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးနှံခံခဲ့ရသူတွေဖြစ်ပါတယ်။
"မနေ့က ကိုဗစ်ကာကွယ်ဆေးထိုးပေးတာဖြစ်တယ်။နယ်စပ် ဂိတ် ၂ခုက အစားထိုးယာဉ်မောင်း တွေကိုထိုးနှံပေးတာပါ။ နယ်စပ်ရောက်ရင်ယာဉ်မောင်းအစားထိုးနဲ့သွားရတယ် မိမိကားကိုမိမိမောင်းသွားလို့မရဘူး ။ မြန်မာဘက်ကနေ တရုတ်သွားမယ်ဆိုရင် မြန်မာယာဉ်မောင်းအစားထိုးတွေက ကြယ်ဂေါင်ထဲကိုပို့ ၊ကုန်တင်ထားတဲ့ကားတွေကို မြန်မာပြည်ပြန်ပို့တယ်။ သူတို့ကို ၃ ရက်တစ်ခါ ဆေးစစ်တယ်၊ PPE ဝတ်စုံတွေဝတ်ရတယ်၊ ၃ ရက်တစ်ခါ ဆေးစစ်ရတော့ သိပ်မသက်သာဘူး၊အခြေအနေကအမြဲတမ်းစစ်နေရတယ်။ ခုကာကွယ်ဆေးထိုးပေးလိုက်တော့ စိတ်ချရတာပေါ့။ အဲဒီရည်ရွယ်ချက်တွေနဲ့ပေါ့။ မြန်မြန်ဆန်ဆန် ကုန်စည်စီးဆင်းအောင်ပေါ့။"လို့ ဦးမင်းသိန်းကပြောပါတယ်။
ဓာတ်ပုံ - Aung Naing Soe
နယ်စပ်ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ အစားထိုးယာဉ်မောင်းတွေ ကျန်းမာရေး စိတ်ချရမှုအတွက် ကိုဗစ်ကာကွယ်ဆေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ်ထိုးနှံပေးခဲ့ခြင်းဖြစ်ပါတယ်။
ကိုဗစ် ကာကွယ်ဆေးထိုးခွင့်ရခဲ့တဲ့ အစားထိုးယာဉ်မောင်းတွေကို နောက်ထပ် ရက်သတ္တပတ် ၃ ပတ်အကြာမှာ ဒုတိယအကြိမ် ကိုဗစ်ကာကံယ်ဆေးထပ်မံထိုးနှံပေးမှာဖြစ်တယ်လို့သိရပါတယ်။
နယ်စပ်ဂိတ်မှာ ကုန်စည်သယ်ယူပို့ဆောင်ရေးဆောင်ရွက်တဲ့အခါ အစားအထိုးယာဉ်မောင်းစနစ်ကို ပြီးခဲ့တဲ့ ဧပြီလ ကတည်းက စတင်းကျင့်သုံးခဲ့တာဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။