လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အဦးတွေ ဆောက်လုပ်ခြင်း ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သတိပေးပြောဆိုပါတယ်။
လယ်ယာမြေတွေကို အိမ် ၊ ခြံ ၊မြေ အဖြစ် အကွက်ရိုက်ပြီး ရောင်းချတာတွေရှိလာနေတဲ့အပေါ် ဝန်ကြီးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
" ပြည်သူလူထုအကြားမှာ လယ်ယာမြေတွေကို အိမ်ရာခြံမြေ အဖြစ် အကွက်ရိုက် ရောင်းချမှု ကြော်ငြာတွေ ဆောင်ရွက်နေတာကို တွေ့မြင်နေ ရတယ်။ ပြည်သူတွေကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့လိုအပ်တယ်"လို့ မနေ့ကပြုလုပ်ခဲ့တဲ့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ၃၅ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ာပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကပြောခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရောင်းမှား ဝယ်မှား မဖြစ်စေဖို့ အသိပညာပေးတဲ့ လုပ်ငန်းဆောင်ရွက်ဖို့ လိုအပ်သလို၊လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခွင့် ကြိုတင် ဆောင်ရွက်ခြင်း မရှိစေရေးနဲ့ ခွင့်ပြုချက်မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်တွေကို လုံးဝ ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။
" ဒီဘက်မှာတော့ ရောင်းနေတာတွေ့တယ်။ခြံရောင်းရန်ရှိတယ် ဆိုတာတွေ ချိတ်ထားတယ်။ အရင်ကဆို ဝယ်ကြတာတွေလည်းရှိတယ်။ လုပ်နေကြတာပဲ။ မြေကွက်က ၁၈ ပေ ၊ ပေ ၄၀ ရှိတယ် အစုံပဲ။ အိမ်ခြံမြေရောင်းဝယ်ရေးတွေလည်း လုပ်နေကြတာပဲ။အရေးယူမယူတော့မသိဘူး။"လို့ လှည်းကူး ဒေသခံတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ - San Lin Aung
လက်ရှိမှာတော့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အနေနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာ မြေ အခြားနည်း သုံးစွဲခွင့်ပြုဖို့ စိစစ်တင်ပြလာတဲ့ လုပ်ငန်းစာတွဲတွေကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များ ညွှန်ကြားချက်များနဲ့ ကိုက်ညီ မှန်ကန်မှု ရှိ၊မရှိကို စိစစ်ပြီး ခွင့်ပြု၊ အတည်ပြု မှုတွေကို စိစစ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အစိုးရရဲ့ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် သိမ်းဆည်းထားတဲ့ လယ်ယာ မြေတွေကို ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။
Share