စိုက်ပျိုးရေးလုပ်ငန်းဆိုတာက ကမ္ဘာပေါ်က ကျေးလက်ဒေသမှာနေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူ ၇၀% အတွက် အဓိကငွေအရင်းအမြစ်ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ကလည်း စိုက်ပျိုးရေးကဏ္ဍအပေါ်မှာ အများကြီးတည်မှီနေလို့ စိုက်ပျိုးရေးက ဘယ်လောက်ထိအရေးပါလဲဆိုတာ သိသာနိုင်ပါတယ်။ မြန်မာနိုင်ငံကလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍက အရေးပါတဲ့နယ်ပယ်တစ်ခုအဖြစ်ရှိနေပါတယ်။ ဒီအတွက်ကြောင့်လည်း စိုက်ပျိုးရေးကို လုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ တိုးတက်ဖြစ်ထွန်းစေမယ့်
အရာတွေကို ဦးစားပေးဆောင်ရွက်ပေးမှုတွေ ရှိလာခဲ့ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို စိတ်ဝင်စားမှုတွေလည်း ပိုမိုများပြားလာခဲ့ပြီး တောင်သူလယ်သမားတွေအတွက် ဘဏ္ဍာရေးဝန်ဆောင်အမျိုးမျိုးကို ပေးစွမ်းနိုင်မယ့် စိုက်ပျိုးရေးဆိုင်ရာချေးငွေ (agricultural Lending) တွေကို ပံ့ပိုးပေးမှုတွေ ရှိနေခဲ့ပါတယ်။
ချေးငွေအထောက်အပံ့တွေ ပိုမိုရရှိလာမယ်ဆိုရင် တောင်သူကြီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့နိုင်မှု မြင့်တက်လာမှာဖြစ်ပြီး စိုက်ပျိုးကုန်ထုတ်စွမ်းအားပါ တိုးပွားလာမှာဖြစ်ပြီး နိုင်ငံရဲ့ GDP ကိုပါ မြင့်မားလာစေမယ့်အထိ အကျိုးကျေးဇူးရှိမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာတောင်သူလယ်သမားကြီးတွေအများစုဟာ အစိုးရက ထုတ်ပေးတဲ့ ဘဏ်ချေးငွေလို့ အလွယ်ခေါ်ကြတဲ့ စိုက်ပျိုးရေးချေးငွေနဲ့ပဲ ရင်းနှီးကျွမ်းဝင်မှုရှိကြပါတယ်။ ပုဂ္ဂလိဂချေးငွေဝန်ဆောင်မှုတွေနဲ့တော့ ကျွမ်းဝင်မှုနည်းပါးပြီး ဒီလိုဖြစ်နေခြင်းဟာ ကိုယ့်ရဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေကို ထိရောက်သင့်သလောက် တိုးချဲ့နိုင်မှု နည်းပါးနေတယ်လို့ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဒါကြောင့် ပုဂ္ဂလိကချေးငွေဝန်ဆောင်မှု၊ ဘဏ်ချေးငွေဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့နဲ့ ဘယ်လိုအခြေခံလိုအပ်ချက်တွေရှိသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
၁။ ဘယ်လိုလုပ်ငန်းတွေက ဝန်ဆောင်မှုရယူနိုင်မလဲ
တောင်သူတွေအနေနဲ့ မျိုးစေ့၊ မြေသြဇာ အစရှိတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ဝယ်ယူခြင်း၊ မွေးမြူရေးလုပ်ငန်းအတွက် သားပေါက်များ၊ မွေးမြူရေးအစာများ၊ သွင်းအားစုများဝယ်ယူခြင်း၊ လယ်ယာမြေ ဒါမှမဟုတ် စက်ရုံ တိုးချဲ့ဖို့အတွက် မြေ၊ လယ်ယာတွေဝယ်ယူခြင်း၊ ထုတ်ကုန်တွေ ပိုမိုတိုးတက်လာစေဖို့ အထောက်အကူပြုမယ့် ကိရိယာ၊ ယန္တရားတွေကို ဝယ်ယူတဲ့အခါမှာ ဒီ စိုက်ပျိုးရေးဆိုင်ရာချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။
၂။ ချေးငွေအမျိုးအစား
အများစုမှာတော့ ကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး ချေးငွေအမျိုးအစား ၃ ခု ခွဲခြားထားပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ မိမိရယူမယ့် ချေးငွေပမာဏပေါ်မူတည်ပြီး ကာလကလည်း ကွဲပြားသွားမှာပါ။ ကာလတိုမှာဆိုရင် ၆ လကနေ ၁၅လ၊ ကာလလတ်အတွက်ဆိုရင် ၁နှစ်ခွဲကနေ ၅ နှစ် နဲ့ ကာလရှည်မှာဆိုရင်တော့
၅ နှစ်နဲ့အထက်ဆိုပြီး ခွဲခြားထားပါတယ်။ ကာလတိုအတွက်ဆိုရင် ကောက်ပဲသီးနှံချေးငွေ၊ စိုက်ပျိုးစရိတ်ချေးငွေတွေ အကျုံးဝင်ပြီး ကာလလတ်မှာ စက်ယန္တယား၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကြိတ်ခွဲစိတ်ဝယ်ယူခြင်းတွေက အကျုံးဝင်ပါတယ်။ ကာလရှည်အတွက်ဆိုရင် လယ်ယာမြေဝယ်ယူခြင်း၊ လုပ်ငန်းတိုးချဲ့ဖို့အတွက် အဆောက်အဦ
ဆောက်ခြင်းတွေက အကျုံးဝင်တယ်လို့ သိရပါတယ်။
၃။ ချေးငွေကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုရယူနိုင်မလဲ
တောင်သူတွေအနေနဲ့ မိမိလုပ်ငန်းလည်ပတ်မှုနဲ့ စာရင်းဇယားတွေကို သေသေချာချာလေးစာရင်းပြုစုထားမယ်ဆိုရင် ချေးငွေရယူဖို့ ဆောင်ရွက်တဲ့အခါမှာ လွယ်ကူမြန်ဆန်ပါလိမ့်မယ်။ လုပ်ငန်းခိုင်မာမှု၊ လုပ်ကိုင်လာတဲ့သက်တမ်း နဲ့ လစဉ်၊ နှစ်စဉ်၊ ရာသီအလိုက် ဝင်ငွေ၊ထွက်ငွေစာရင်းတွေကို စနစ်တကျပြုစုထားပြီးတော့ အထောက်အထားအဖြစ် တင်ပြတဲ့အခါမျိုးမှာဆိုရင် လွယ်လွယ်ကူကူနဲ့ပဲ ချေးငွေရယူနိုင်မှာပါ။ ငွေရေးကြေးရေးကိစ္စရပ်တွေမှာလည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ပြုလုပ်ထားတာမျိုးတွေရှိရင် ပိုပြီးတော့ အဆင်ပြေတယ်လို့ ဆိုပါတယ်။
၄။ သတိပြုသင့်တဲ့ အချက်
ချေးငွေလို့ဆိုလိုက်ရင် အတိုးပေးရမယ်၊ အကြွေးတင်နေပြီဆိုတဲ့ စိတ်မျိုးက ဖြစ်ပေါ်လာတတ်ပါတယ်။ စိုက်ပျိုးရေးဆို်င်ရာချေးငွေရယူမှုဟာ မိမိလုပ်ငန်းတိုးတက်လာဖို့နဲ့ ကုန်ထုတ်စွမ်းအားပိုမိုများပြားလာဖို့အတွက် အဓိကအထောက်အကူပြုပေးမှာဖြစ်တာကြောင့် စိုးရိမ်စိတ်တွေများမနေသင့်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ ငွေကြေးအင်အား တောင့်တင်းမှုနဲ့ ပေါင်းစည်းပြီး ကြိုးပမ်းလုပ်ကိုင်မယ်ဆိုရင် လုပ်ငန်းတိုးတက်မှုလည်း မြန်ဆန်လာမှာဖြစ်သလို ပြန်လည်ရရှိမယ့် ငွေကြေးကလည်း တိုးပွားလာမှာပါ။ ချေးငွေသက်တမ်းကလည်း မိမိလုပ်ငန်းပေါ်မူတည်ပြီး ကာလတစ်ခုသတ်မှတ်ပေးထားတာဖြစ်လို့လည်း အလျင်လိုစရာမရှိတာကြောင့် မလိုအပ်တဲ့ စိုးရိမ်မှုတွေ ရှိမနေသင့်ပါဘူး။
ဆိုရရင်တော့ စိုက်ပျိုးရေးချေးငွေဟာ လုပ်ငန်းကို အမှန်တကယ်တိုးတက်လာစေဖို့ နဲ့ စိုက်ပျိုးရေးကဏ္ဍရဲ့ အရေးပါမှုကို ကောင်းကောင်းသိမြင်သူတွေအတွက်တော့ အကျိုးရှိစေမှာသေချာပါတယ်။ ငွေကြေးအတိုင်းအတာထုတ်နိုင်မှု အားနည်းတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေကို အများကြီးအထောက်အကူပေးနိုင်ပြီး မိမိတစ်ဦးတည်းကနေစပြီး တိုင်းပြည်ရဲ့စီးပွားရေးကိုပါ အကျိုးသက်ရောက်မှုကြီးမားလို့ တောင်သူတွေအတွက် အရေးပါတဲ့ ဝန်ဆောင်မှုတစ်ခုအဖြစ် ရှိနေပါတယ်။
ဤဆောင်းပါးကို Save for Future Myanmar မှ ကူညီပံ့ပိုးပေးထားပါတယ်။
Share