ရုရှားလက်ထောက်ဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ပြောမှုကို အခြေခံ တွက်ချက်ကြည့်မှုအရ ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ယခုနှစ်အတွင်း သေဆုံးမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ COVID-19 ကပ်ရောဂါနဲ့ ဆက်နွယ်နေကြောင်း လက်ထောက်ဝန်ကြီးချုပ် တာတီယာနာဂိုလီကိုဗာ (Tatiana Golikova) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

(လက်ထောက်ဝန်ကြီးချုပ် တာတီယာနာဂိုလီကိုဗာ) (Photo: TASS)



သူမရဲ့ ပြောကြားမှုအရ ရုရှားမှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် သုံးဆကျော် ပိုများနေတာလည်း ဖြစ်ပါတယ်။ ရုရှားအစိုးရ တရားဝင်ကိန်းဂဏန်းတွေအရ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၅,၈၂၇ ဦးဖြစ်ပေမဲ့ လက်ထောက်ဝန်ကြီးချုပ် ပြောကြာမှုအရ COVID-19 နဲ့ ဆက်နွယ်နေတဲ့ သေဆုံးသူဦးရေ ၁၈၆,၀၀၀ အထိ မြင့်တက်လာကြောင်း သိရပါတယ်။

ရုရှားမှာ ၂၀၂၀ ခုနှစ် ပထမ ၁၁ လအတွင်း သေဆုံးမှုဟာ ယခင်နှစ်ကထက် ၁၃.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဂိုလီကိုဗာက ပြောပါတယ်။ ရုရှားစာရင်းအင်းအဖွဲ့အစည်း Rosstat ရဲ့ အဆိုအရ ယခုနှစ်အတွင်း သေဆုံးသူ ၂၂၉,၇၀၀ ရှိခဲ့ပါတယ်။ လက်ထောက်ဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ပြောမှုကို အခြေခံပြီး တွက်ချက်ကြည့်ရာမှာ ယခုနှစ်အတွင်း ရုရှားမှာ COVID-19 နဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဆက်နွယ်နေတဲ့ သေဆုံးသူ ၁၈၆,၀၅၇ ဦးရှိခဲ့ကြောင်း တွေ့ရပါတယ်။

(Photo: Alexey Malgavko/Reuters)

ထိုအရေအတွက်ဟာ Rosstat က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက်ပင် ပိုများနေခဲ့တာလည်း ဖြစ်ပါတယ်။ Rosstat ရဲ့ ကိန်းဂဏန်းတွေအရ ရုရှားမှာ COVID-19 နဲ့ ဆက်နွယ်နေတဲ့ သေဆုံးသူဦးရေ ၁၁၆,၀၃၀ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရက ထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်ဟာ သေဆုံးပြီးနောက် အလောင်းစစ်ဆေးမှုအရ COVID-19 ဟာ သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း တွေ့ရှိရမှုအပေါ် အခြေခံ တွက်ချက်ထားခြင်းကြောင့် ယခုကဲ့သို့ ကိန်းဂဏန်းကွာခြားမှုတွေ ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

(Photo: EPA)

ရုရှားအာဏာပိုင်တွေက သတ်မှတ်မှုအရ COVID-19 နဲ့ ဆက်နွယ်နေတဲ့ အခြား သေဆုံးမှုတွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ COVID-19 နဲ့ တိုက်ရိုက် ဆက်နွယ်နေတဲ့ သေဆုံးမှုတွေကိုသာ တရားဝင်ကိန်းဂဏန်းအဖြစ် ရုရှားအစိုးရက သတ်မှတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

လက်ထောက်ဝန်ကြီးချုပ် ဂိုလီကိုဗာကတော့ ရုရှားအစိုးရက သေဆုံးမှုအချက်အလက်တွေကို လုံးဝ ဖုံးကွယ်ထားခဲ့ခြင်း မရှိဘူးလို့ ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။ "ဒီနှစ်မှာ မြင့်တက်လာတဲ့ သေဆုံးမှုတွေရဲ့ ၈၁ ရာခိုင်နှုန်းက COVID-19 ကြောင့်နဲ့ ဗိုင်းရပ်စ်သက်ရောက်မှု အကျိုးဆက်တွေကြောင့် ဖြစ်နိုင်ပါတယ်" လို့ သူမက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က