ခရိုအေးရှားနိုင်ငံ အလယ်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Slavko Midzor/Pixsell/Reuters)
ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် Petrinja မြို့မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုမြို့သို့ အလျင်အမြန် သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ်က ကနဦး ပြောခဲ့ပါတယ်။ မြို့အာဏာပိုင်တွေရဲ့ အဆိုအရ ငလျင်လှုပ်ခတ်မှုအတွင်း မြို့ထက်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်းနဲ့ အပျက်အစီးများထဲမှ လူတွေကို ဆွဲထုတ်ခဲ့ရကြောင်း သိရပါတယ်။
ငလျင်လှုပ်မှုကို ခရိုအေးရှားမြို့တော် ဇာဂရက်ဘ်မြို့၊ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘော့စနီးယားနဲ့ ဆားဘီးယားတို့အပြင် အီတလီနိုင်ငံမှာပင် ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ကားတွေထဲကနေ လူတွေကို ဆွဲထုတ်နေပါတယ်၊ သေဆုံးသူ သို့မဟုတ် ဒဏ်ရာရမှုတွေကို အတိအကျ မသိရသေးဘူး" လို့ Petrinja မြို့ အုပ်ချုပ်ရေးမှူး Darinko Dumbovic က ဒေသတွင်း သတင်းဌာန N1 ကို ပြောပါတယ်။
(Photo: Slavko Midzor/Pixsell/Reuters)
ငလျင်လှုပ်မှုကြောင့် လူများ ကြောက်လန့်တုန်လှုပ်နေကြပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို လိုက်လံရှာဖွေနေကြကြောင်းလည်း ၎င်းကဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် Petrinja မြို့အနီးရှိ Sisak မြို့မှာလည်း ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။
GFZ German Research Centre for Geosciences က ဖော်ပြမှုအရ ငလျင်ဟာ မြေအောက်အနက် ၆ မိုင်မှာ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ခရိုအေးရှားနိုင်ငံတစ်ဝန်းရှိ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေး ကူညီလုပ်ဆောင်ရန် Petrinja မြို့သို့ သွားရောက်ခဲ့ကြကြောင်း Croatian Mountain Rescue Service က ပြောပါတယ်။
(Photo: Slavko Midzor/Pixsell/Reuters)
Petrinja မြို့သို့ အမြန်သွားရောက်ခဲ့တဲ့ ခရိုအေးရှားဝန်ကြီးချုပ် Andrej Plenkovic က "မိန်းကလေးတစ်ယောက် သေဆုံးတဲ့ ကနဦးသတင်း ရရှိပါတယ်၊ တခြား သေဆုံးဒဏ်ရာရမှုတွေကိုတော့ မသိရေးပါဘူး" လို့ ဆိုပါတယ်။ "စစ်တပ်က ကူညီနေပါတယ်၊ စိတ်မချရတဲ့ အခြေအနေကြောင့် Petrinja မြို့ကနေ လူအချို့ကို ကျွန်တော်တို့ ရွှေ့ပြောင်းရပါမယ်" လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ Sisak မြို့ရှိ အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အကြီးအကဲ Tomislav Fabijanic ရဲ့ အဆိုအရ Petrinja နဲ့ Sisak မြို့တွေမှာ ငလျင်ကြောင့် ဒဏ်ရာရသူတွေရှိကြောင်း သိရပါတယ်။
.