ဘယ်အနုပညာရှင် စုံတွဲတွေက ၂၀၂၀ ခုနှစ်ထဲမှာသားသမီး ရတနာလေးတွေ ထွန်းကားခဲ့လဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။
၂၀၂၀ ခုနှစ်မှာလည်း ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ သားသမီးရင်သွေးလေးတွေ လူ့လောကထဲကို ရောက်ရှိလာပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ ကလေးလေးတွေပါ။ ဒီနှစ်ထဲမှာ သားသမီးရတနာလေးတွေ ထွန်းကားခဲ့တဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ချစ်စဖွယ် ရင်သွေးလေးတွေအကြောင်းကို Duwun ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Photo: R Zarni
R ဇာနည် နဲ့ ဝမ်းတို့ရဲ့ တတိယမြောက် ရင်သွေး သမီးရတနာလေး မစ်မစ်တုန်
ဝမ်း ကတော့ တတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေး မစ်မစ်တုန်ကို ၂၀၂၀ ခုနှစ် မေလ (၁၄) ရက်နေ့က ဂရမ်းဟန်သာ ဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ R ဇာနည် နဲ့ ဝမ်း တို့ ဇနီးမောင်နှံဟာ အခုဆိုရင် သား နှစ်ယောက်၊ သမီးလေး တစ်ယောက် ပိုင်ဆိုင်ထားကြပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာသက်တမ်း (၁၇) နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။
Photo: San Thit La
အဆိုတော် ဆန်းသစ်လရဲ့ သမီးဦးလေး Apple
ဆန်းသစ်လကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေး Apple ကိုတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မနက် ၆ နာရီ ၄၄ မိနစ် က မွေးဖွားခဲ့တာပါ။ သမီးလေးကတော့ ဗုဒ္ဓဟူး သမီးလေးပါပဲ။ စမွေးလာကတည်းက မျက်နှာလေးက လုံးလုံးလေးနဲ့ နီနီရဲရဲလေးဖြစ်လို့ “ Apple” လို့ အမည်ပေးခဲ့တာလို့ ဆန်းသစ်လက Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ ကိုဝင်းမြတ် နဲ့ ဆန်းသစ်လ တို့ ဇနီးမောင်နှံကတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှာ မင်္ဂလာဆွမ်းကျွေးခဲ့ပြီး မတ်လ (၃) ရက်နေ့က Western Park Ruby မှာ မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြတာပါ။
Photo: Ei Tone
သရုပ်ဆောင် အိတုံရဲ့ ဒုတိယမြောက် သမီးလေး
အိတုန်ကတော့ ဒုတိယမြောက် သမီးလေးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့က ပင်လုံဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အခုဆိုရင် သမီးနှစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိဘ နှစ်ပါး ဖြစ်လို့နေပါပြီ။ အိတုန်ဟာ ဇာတ်ပို့သရုပ်ဆောင်တွေအဖြစ် အနုပညာအလုပ်တွေ လုပ်နေကြပေမယ့် ခင်ပွန်းဖြစ်သူ ကိုနေမျိုးထွန်းကတော့ တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အပြင်အလုပ်ကိုသာ ရွေးချယ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
Photo: Soe Yan Aung
စိုးရန်အောင် နဲ့ သက်သခင်တို့ရဲ့ သားဦးလေး
သက်သခင်ကတော့ ဒီဇင်ဘာလ (၁၄) ရက်နေ့ မနက် ၅ နာရီ မိနစ်(၄၀) အချိန်က အာယု အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ပထမဆုံး ရင်သွေးလေးဖြစ်တဲ့ သား လေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ လက်ထပ်ပြီး (၂) နှစ်အကြာမှာ ပထဆုံး ရင်သွေးလေးကို ယူခဲ့ကြတာပါ။ စိုးရန်အောင်နဲ့ သက်သခင်တို့ဟာ ချစ်သူ သက်တမ်း (၈) နှစ် အကြာ ၂၀၁၈ ခုနှစ် ဧပြီလ (၆) ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။