In partnership with  logo
သူ့ရဲ့ အတွေ့အကြုံတွေ ၊ အကြံပေးစကားတွေကို ဝေမျှပေးခဲ့ပါတယ်။

လုပ်ငန်းခွင်ကို ခုမှ စတင်ဝင်ရောက်မယ့်သူတွေအတွက် ဘယ်လို လုပ်ငန်းခွင်နယ်ပယ်ကို ရွေးချယ်သင့်သလဲ၊ ဘယ်လိုရွေးချယ်ရမှာလဲ၊ လုပ်ငန်းခွင်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမှာလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာကတော့ Novotel Hotel ရဲ့ Marketing & Communication Manager ဒေါ်မေပုလဲအောင်ပဲ ဖြစ်ပါတယ်။ သူကတော့ Public Relation နယ်ပယ်ထဲကို အရင်စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၇နှစ်တာ ကြာမြင့်လာခဲ့တဲ့အခါမှာတော့ ကြိုးစားအားထုတ်ခဲ့ရတ့ဲ အသီးအပွင့်အနေနဲ့ Manager Level ကို ရောက်ရှိ ခဲ့တာဖြစ်ပါတယ်။ ကြိုးစားအားထုတ်ခဲ့ရတာတွေ ၊ လေ့လာဆည်းပူးခဲ့ရတာတွေ၊ လုပ်ငန်းခွင်အတွင်း သင်ယူခဲ့ရတာတွေ အများကြီး ကြုံကြိုက်ခဲ့ရတဲ့သူတစ်ယောက်လည်းဖြစ်တဲ့အတွက် သူ့ရဲ့ စကားသံတွေဟာ လုပ်ငန်းခွင်ကို ဝင်ရောက်မယ့်သူတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေဖြစ်နေမှာ ကျိန်းသေပါတယ်။ သူ့ဆီကနေ ဘယ်လို အကြံဉာဏ်ကောင်းတွေရနိုင်မလဲဆိုတာ ခုပဲ လေ့လာဖတ်ရှုကြည့်ကြရအောင်ပါ။ 



Q-ပထမဆုံး သိချင်တာကတော့ Marketing & communication နယ်ပယ် ကို ဘာ့‌ကြောင့် အသက်မွေးဝမ်းကြောင်းနယ်ပယ်အဖြစ်ရွေးချယ်ခဲ့တာလဲ?

A-အရှေ့ပိုင်းမှာလည်း တခြား Position တွေနဲ့ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီ Title ကို ပြောင်းလိုက်တဲ့အချိန်မှာ ကိုယ်နဲ့ Fit in ဖြစ်တယ်လို့ ခံစားရတယ်။ ကြိုက်တယ်။ အဲဒီအခါမှာ Growဖြစ်တဲ့ Chance က ပိုများတယ်။ ကိုယ်ကြိုက်တဲ့အရာကို လုပ်နေရတာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း သင်ချင်စိတ်တွေ ပေါ်နေတယ်။ တစ်ယောက်ယောက်က နောက်ကနေ Push လုပ်နေတာ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကိုက သင်ယူချင်စိတ်တွေ ဖြစ်နေတာ။ ကိုယ်နဲ့ Fit in ဖြစ်တယ်လို့ သတ်မှတ်လို့ရတာပေါ့။ 

Q-လုပ်ငန်းခွင်အခက်အခဲတွေလည်း ကြုံခဲ့ရမှာပဲ၊ ကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ခဲ့လဲ?

A-အဓိကကတော့ Learning ကို တတ်နိုင်သလောက် Self-study တွေ အိမ်မှာလည်း လုပ်တယ်။ ခိုင်းရင်လည်း ဘယ်တော့မှ No မပြောဘဲ Self-study ကို တတ်နိုင်သလောက်လုပ်ပြီး ခိုင်းတာကို ရအောင်လုပ်တယ်။ ပြီးစီးအောင် လုပ်ပေးတယ်။ အဲဒီအခါမှာ အလုပ်ကနေ သင်ယူတတ်မြောက်လာတဲ့ အရာတွေ အများကြီးပဲ။ ဒါ့ကြောင့် ညီမလေးတွေ၊ မောင်လေးတွေကို ပြောချင်တာက တတ်နိုင်သလောက် အလုပ်ကို မငြင်းစေချင်ဘူး။ အလုပ် ကိုယ့်ကို ပိုပေးလေ၊ ကိုယ်က အဲဒီအလုပ်ကို လုပ်လိုက်တဲ့အချိန်မှာ ကိုယ်က ပိုတတ်လာလေ၊ ကိုယ့်အတွက် Resource တွေပဲ၊ ကိုယ့်ရဲ့ Gain Point တွေပေါ့။ အဲဒီအတွက် တတ်နိုင်သ‌လောက် အလုပ်ကို မပျင်းပါနဲ့။ ကိုယ်လိုချင်တယ်ဆိုရင် ပေးဆပ်ရမှာပဲ၊ အချိန်တွေနဲ့ ပေးဆပ်ရတာတွေရှိမယ်။ ပင်ပန်းမယ်။ ကိုယ်ကြိုက်တဲ့အရာကို လုပ်နေရတာဖြစ်တဲ့အတွက် ပျော်နေမှာပဲ။ အဲဒါကြောင့် Fit in ဖြစ်တဲ့အလုပ်ကို ရွေးဖို့လည်း လိုတယ်။ 

Q-လုပ်ငန်းခွင်အခက်အခဲတွေကြုံလာတဲ့အခါ စိတ်ဓာတ်ကျအားငယ်တတ်တဲ့သူတွေအတွက် ဘယ်လိုအကြံပေးချင်လဲ?

A-လွယ်လွယ်နဲ့ လက်မလျှော့စေချင်ဘူး။ လွယ်လွယ်နဲ့ လက်လျှော့လိုက်ရင် ကိုယ့်မှာ Confidence တွေလည်း လျော့တယ်။ ကြာလာရင် Depression တွေပါ အဆင့်ဆင့် ဝင်လာနိုင်တယ်။ အဲဒါကြောင့် လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့ ၊ First Time try ပါ ၊ Second Time tryပါ ၊ မရသေးဘူးလား Third Time ပါထပ် try ပါ။ အကြိမ်ကြိမ် try ပြီးရင် အလုပ်ကို နားလည်လာလိမ့်မယ်။ နားလည်လာရင် အလုပ်ပိုလုပ်ချင်စိတ်ပေါ်လာတယ်။ အဲဒါကြောင့် တစ်ခါတည်း try ကြည့်ပြီး လက်လျှော့လိုက်တာမျိုးမလုပ်ပါနဲ့။ သုံးလေးခေါက်လောက် ကြိုးစားကြည့်ပါ။ လူ့ရဲ့ သဘောက နားလည်တဲ့အလုပ်ကို ပိုလုပ်ချင်တာ ဖြစ်တဲ့အတွက် ကိုယ်နားမလည်ဘူးဆိုရင်လည်း တတ်သိတဲ့သူတွေကို မေးပါ။ မေးဖို့လည်း မရှက်ပါနဲ့။ မေးပြီး အထပ်ထပ်ကြိုးစားရင်းမှ နားလည်တတ်မြောက်တာဆိုတော့ လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့လို့ပဲ ပြောပါရစေ။ 

Q-လုပ်ငန်းခွင်နယ်ပယ်ကို ပထမဆုံး ဝင်ရောက်မယ့်သူတွေအတွက်မဖြစ်မနေ ဖြည့်ထားရမယ့် Skills တွေဆိုရင် ဘာတွေဖြစ်မလဲ? 

A-First step အင်္ဂလိပ်ကိုလေ့လာပါ၊ အင်္ဂလိပ်မှမဟုတ်ဘူး ဘာသာစကားအသစ်ကို ကိုယ်တတ်နိုင်သလောက် လေ့လာတာက ကိုယ့်အတွက် အခွင့်အလမ်းပဲ။ ခုအခြေအနေအတိုင်းဆိုရင်တော့ အင်္ဂလိပ်က First ၊ ပြီးရင်တော့ Computer Basic Software တွေက တတ်နိုင်သလောက်လေ့လာ ပြီးရင်တော့ Presentation Skill နဲ့ Personality Skill အဲဒါတွေကို လေ့လာ။ ဒါတွေက Basic Skill တွေပဲ။ ခုချိန်မှာလည်း လွယ်လွယ်ကူကူလေ့လာနိုင်တယ်။ ခုချိန်က လေ့လာလို့ ကောင်းတဲ့ အချိန်ပဲ။ 

Q-လုပ်ငန်းခွင်မှာ အထက်လူကြီး သို့ လုပ်ဖော်ကိုင်ဖက်နဲ့ အမြင်ချင်းမတူတဲ့အခါ ဘယ်လိုညှိနှိုင်းဆွေးနွေးသင့်လဲ? 

A-ကိုယ်အရင်ဆုံး Research လုပ် ၊ ကိုယ့်ဘက်က ထင်မြင်ယူဆချက်ကို ချပြ ၊ အဲဒီပေါ်မှာမှ မန်နေဂျာက ကိုယ်တင်ပြတာကို မကြိုက်ဘူးဆိုလည်း ကိုယ်အတတ်နိုင်ဆုံး Research လုပ်ပြီး ကိုယ့် ထင်မြင်ယူဆချက်ကို တင်ပြပြီးပြီ ကျန်တဲ့ Decision Making ပိုင်း က ကိုယ့်ရဲ့ မန်နေဂျာ ၊ ကိုယ့်ရဲ့ အထက်လူကြီး လုပ်ရမယ့်အပိုင်းဖြစ်သွားပြီ။ မငြင်းနဲ့ပြောတာမဟုတ်ဘူး၊ တတ်နိုင်သမျှ ကိုယ့်ဘက်က ထင်မြင်ယူဆချက်ကို တင်ပြခွင့်ရှိတယ်။ ဒါပေမယ့် အရမ်းကြီး အငြင်းအခုန်တော့ မလုပ်သင့်ဘူး။ Decision Making က at the end of the day မှာက မန်နေဂျာ သို့မဟုတ် အထက်လူကြီးက Decision လုပ်မှာလေ။ ကိုယ်က သူတို့ လုပ်သွားတဲ့ Decision ကိုလည်း Learning လုပ်။ သူတို့က ဘာကြောင့် ဒီလို Decision လုပ်သလဲဆိုတာကို ကိုယ်က မေးခွင့်ရှိတယ်။ ပြောသမျှကို ခေါင်းညိတ်နေရင်လည်း ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ 

Q-လုပ်ငန်းခွင်ထဲက အခွင့်အရေးတွေရရှိအောင် ဘယ်လိုကြိုးစားအားထုတ်ရမလဲ?

A-အခွင့်အရေး ၊ အခွင့်အလမ်းဆိုတာက ကြုံလာမှာ။ အလုပ်လုပ်တဲ့နေရာမှာ အခွင့်အ‌ရေးကို မျှော်မှန်းပြီး မလုပ်စေချင်ဘူး။ ပြီးတော့ ကိုယ်နဲ့ ကိုက်မယ့်၊ ကိုယ့် Personality နဲ့ ကိုက်မယ့် အလုပ်ကို ရွေးစေချင်တယ်။ ကိုယ်လုပ်ရတာဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်အသိဆုံး ကိုယ်နဲ့ ဒီအလုပ်က fit in ဖြစ်လား ၊ မဖြစ်လား ဆိုတာ ကိုယ်က အသိဆုံးပဲ။ အဲဒီအတွက်ကြောင့် ကိုယ်တိုးတက်လာဖို့အတွက် အလုပ်လုပ်နေမယ်ဆိုရင် အခွင့်အရေး၊ အခွင့်အလမ်းတွေ ပေါ်လာခဲ့မယ်ဆိုရင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေက ကိုယ့်ကို ပြန်ပြီး ပံ့ပိုးပေးမှာ။ စိတ်ကို ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်အတွက် ကိုယ့်ကုမ္ပဏီအတွက် အလုပ်လုပ်နေမယ်ဆိုရင် ကိုယ် လုပ်ခဲ့တဲ့ အလုပ်တွေကနေတစ်ဆင့် ကိုယ့်အတွက် အခွင့်အရေး အခွင့်အလမ်းဆိုတာ ပေါ်လာလိမ့်မယ်။

Q-နောက်ဆုံးအနေနဲ့ အလုပ်လျှောက်ဖို့ ပြင်နေတဲ့ ဂျူနီယာတွေအတွက် အတွေ့အကြုံရှိတဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ အကြံပေးစကားပြောပေးပါဦး?

A-အစ်မဆိုလည်း မန်နေဂျာတန်းဖြစ်တာ မဟုတ်ဘူး၊ အဆင့်ဆင့်တက်ခဲ့တာ။ အကောင်းဆုံးကတော့ အလုပ်တစ်ခု ပေါ်လာပြီဆိုရင် No မပြောဘဲ ကိုယ်တတ်နိုင်သလောက် လုပ်ကြည့်စေချင်တယ်။ များများလုပ်လေ ၊ များများတတ်လေပဲ၊ ဒါက အစ်မရဲ့ အတွေ့အကြူံတွေအရပြောတာ ။ ရေရှည်မှာ ကိုယ်က ပိုကောင်းတဲ့ ရာထူးကို လိုချင်တယ်ဆိုရင် များများတတ်ထားမှ အဆင်ပြေမှာ။ လုပ်ငန်းခွင်ဝင်မယ့်သူတွေအတွက် ပေးချင်တဲ့ Advise ဆိုရင်တော့ အလုပ်ဟူသမျှ မငြင်းဘဲ လုပ်မှသာ ကိုယ်မလုပ်ဖူးတာတွေလည်း လုပ်တတ်လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေ ပိုရှိလာပါလိမ့်မယ်။ 

 Meet the Manager အစီအစဉ်ကိုတော့ Duwun Careers Platform ကနေ နှစ်ပတ်တစ်ကြိမ်တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် အောက်ခြေဘဝကနေ ကြိုးစားရုန်းကန်ရင်း Manager Level ကို တက်လှမ်းနိုင်ခဲ့ကြတဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းခွင်စိန်ခေါ်မှုတွေ ကြိုးစားအားထုတ်ခဲ့ရတာတွေကို ကြားသိရမှာဖြစ်တဲ့အတွက် လုံးဝ လက်လွှတ်ခံလို့မဖြစ်ပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေကို စောင့်မျှော်နေတဲ့သူတွေ၊ လုပ်ငန်းခွင်အခက်အခဲတွေကြောင့် စိတ်ပျက်အားငယ်နေတဲ့သူတွေအတွက် Duwun Careers က အားပေးနှစ်သိမ့်ရင်း အခွင့်အလမ်းကောင်းတွေ ၊ အကြံဉာဏ်ကောင်းတွေ ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် အမြဲရှိနေမှာပါ။


Share

Loading Next Article...
က္က