၂၀၂၀ ခုနှစ်အတွင်း အနုပညာလောကမှာ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တွေ ရှိနေခဲ့ပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားရတဲ့ အမှုအခင်းတွေ ဖြစ်ခဲ့သူတွေရှိသူတွေရှိသလို၊ လူအများရဲ့ ဝေဖန်ပြစ်တင်မှုတွေကို အလူးအလဲခံခဲ့ရတဲ့ အနုပညာရှင်တွေလည်း ရှိနေခဲ့ပါတယ်။
အိမ်အကူ မိန်းကလေးအား ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မင်းရာဇာ
ဒီသတင်းကတော့ အနုပညာလောကထဲမှာရော ပရိသတ်တွေကြားထဲမှာပါ ဟိုးလေးတကျော် ဖြစ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။ သရုပ်ဆောင် မင်းရာဇာဟာ အိမ်အကူ မိန်းကလေးအား သွေးဆောင်ဖျားယောင်းပြီး သားမယားပြုကျင့်ခဲ့တယ်ဆိုတဲ့ အသံဖိုင်တွေ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ရာကနေ ဒီဖြစ်ရပ်စတင်ခဲ့တာပါ။ အစပိုင်းမှာ မင်းရာဇာတို့ ဇနီးမောင်နှံဟာ မြဝတီနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ပေမယ့် DKBA အဖွဲ့က ဖမ်းဆီးရမိပြီး ဧပြီလ(၉)ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်ထဲကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က ထပ်မံ စုံစမ်း စစ်ဆေးခဲ့ပြီး မင်းရာဇာတို့ ဇနီးမောင်နှံကို အိမ်အကူ မိန်းကလေးရဲ့ အင်္ဂါကို အက်စစ်နဲ့ ပက်မှု၊ မိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူကိုလည်း ထိုမိန်းကလေးရဲ့ ခေါင်းကို တူနဲ့ ထုမှုတွေနဲ့ မင်းရာဇာ အပါအဝင် (၄)ဦးကို (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒီလိုတရားစွဲဆိုခဲ့ပြီးနောက် မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူကတော့ မေလ(၇) ရက်နေ့ ရုံးချိန်းမှာ အာမခံ ရရှိခဲ့ပါတယ်။မင်းရာဇာတို့ ဇနီးမောင်နှံနဲ့ မန်နေဂျာဖြစ်သူတို့ကတော့ လက်ရှိအချိန်ထိ အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထားခြင်း ခံရပြီး တရားရင်ဆိုင်နေကြတုန်းပါပဲ။ အိမ်အကူမိန်းကလေးကတော့ ဆေးရုံမှာအတွင်းလူနာနဲ့ အချိန်တော်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း မင်းရာဇာကို အနုပညာလောကထဲက ထုတ်ပြယ်ခဲ့ကြောင်း ကြေညာခဲ့ပါသေးတယ်။ အခုချိန်ထိ မပြီးပြတ်နိုင်သေးတဲ့ မင်းရာဇာရဲ့ အမှုအခြေအနေကလည်း အများပြည်သူရဲ့ စိတ်ဝင်စားခြင်း ခံနေရတုန်းပါ။
ဖြစ်ရပ်နှစ်ခုနဲ့ နှစ်ကြိမ်တိုင်တိုင် ပြစ်တင်ဝေဖန်ခံခဲ့ရတဲ့ ယုန်လေး
ပထမတစ်ခုက “ စည်းလုံးသင့်ပြီ မြန်မာပြည် ”Music Video နဲ့ ပတ်သက်ပြီး ဖြစ်သွားခဲ့တာပါ။ ဒီသီချင်းကို သြဂုတ်လ(၄) ရက်နေ့ မနက်(၁၀) နာရီကျော်က Original Gangster Facebook Page မှာ ယုန်လေးက ပရိသတ်တွေနဲ့စတင်မိတ်ဆက်ပေးခဲ့ တာပါ။ နာရီပိုင်းအတွင်း ကြည့်ရှု့သူ ၅သန်းကျော် ရှိနေခဲ့ပြီး ဝေဖန်မှုတွေ လည်း မြင့်တက်ခဲ့ပါတယ်။ ယုန်လေး ဖန်တီးထားတဲ့ဒီ music video ဟာ နိုင်ငံရေးကို မီးမောင်းထိုးပြခဲ့ပေမယ့် မြန်မာနိုင်ငံမှာဖြစ် ပေါ်နေတဲ့ နိုင်ငံရေးကိစ္စရပ်တွေကို သေချာသိမြင်နားလည်မှုမရှိဘဲ လွဲမှားတဲ့ရိုက်ကူးတင်ဆက်မှု တွေ ပါဝင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့သလို ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေးမပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ စည်းကို ဖောက်ဖျက်ခြင်းတွေကြောင့် ပြင်းထန်စွာ ရှုံ့ချမှုတွေ ခံခဲ့ရပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး “စည်းလုံးသင့်ပြီ မြန်မာပြည်” music video ကို ပုံဖော်ဖန်တီးသူ တေးရေး၊ တေးဆို၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေးကို အနုပညာအလုပ်လုပ်ဖို့ တစ်နှစ်တိတိ ပိတ်ပင်လိုက်ပါတယ်။ ။ အဲဒီနောက်မှာတော့ ယုန်လေးက အွန်လိုင်းကနေလည်း စီးပွားရေးကြော်ငြာ ရိုက်ကူးမှုတွေကို အနည်းအကျဥ်း ပြုလုပ်ခဲ့ပြီး ဖိနပ်ကြော်ငြာတစ်ခုမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ထပ်မံ ခံခဲ့ရပါေသးတယ်။ အဲဒီဖိနပ်ကြော်ငြာမှာ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးစော် ကားသော ရိုက်ကူးမှုများ ပါဝင်နေတာဖြစ်ကြောင်း ပရိသတ်တွေက ထောက်ပြခဲ့ပြီး ပြင်းထန်စွာ ဝေဖန်ရှုံ့ချခဲ့ကြတာပါ။
ငွေကြေးလိမ်လည်မှုနဲ့ ထောင်တစ်နှစ်ကျခဲ့ပြီး ဒီနှစ်ထဲမှာ ထောင်ကပြန်လွတ်လာတဲ့ မေသန်းနု
ငွေကြေးလိမ်လည်မှုနဲ့ မေသန်းနု ထောင်တစ်နှစ်ကျသွားတယ်ဆိုတဲ့သတင်းက ပရိသတ်တွေကို လုံးဝရှော့ခ် ရသွားစေတဲ့ သတင်းတစ်ပုဒ်ပါ။ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနုဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ရက်နေ့မှာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ကျခဲ့ပါတယ်။ မေသန်းနုဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူဆီက ငွေ သိန်း ၁၂၀၀ ကျော် ချေးပြီး ပြန်မပေးခဲ့တာကြောင့် တရားရင်ဆိုင်ရပြီး ထောင်ကျခဲ့တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ခင်ပွန်းဟောင်းဖြစ်သူစင်ရော်မောင်မောင်အနေနဲ့ကလည်း မေသန်းနု အကျဥ်းထောင်ထဲ ရောက်နေချိန် အမြန်ဆုံး လွတ်မြောက်ဖို့ အပြင်ကနေအစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။ အဲဒီနောက် မေသန်းနုဟာ အကျဥ်းကျပြီး သိပ်မကြာခင် ဇူလိုင်လ(၁) ရက်နေ့မှာပဲ အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သူမပြန်လည်လွှတ်မြောက်လာတဲ့အချိန်မှာတော့ မိသားစုတွေနဲ့ ထပ်တူ အနုပညာအသိုင်းအဝိုင်းကလူတွေ ၊ ပရိသတ်တွေကလည်း ဝမ်းသာပျော်ရွှင်နေကြတာပါ။ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမယ့်လည်း မေသန်းနုဟာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရတုန်း ဖြစ်ပါတယ်။ တရားစွဲဆိုသူ ဒေါ်စန်းစန်းမြင့်က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇ ၊ ပုဒ်မ ၄၂၀ နဲ့ သရုပ်ဆောင် မေသန်းနုကို နောက်တိုးတရားခံအဖြစ် သင်္ဃန်းကျွန်းတရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Photo : ASF
ရွှေတိဂုံပုံရိပ်နင်းကာ ဖျော်ဖြေခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Project K အဖွဲ့
ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Project K အဖွဲ့ က သွားရောက်ဖျော်ဖြေခဲ့ရတာပါ။ သူတို့ ကိုရီးယားမှာ ဖျော်ဖြေခဲ့ပြီး သိပ်မကြာခင် အချိန်အတောအတွင်း Project K အဖွဲ့ဟာ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ၊ ဗီဒီယို ဖိုင်အတိုဟာ မြန်မာနိုင်ငံ ပရိသတ်တွေ ကြား အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Project K အဖွဲ့အနေနဲ့သူတို့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရွှေတိဂုံစေတီတော်ပုံရိပ်ကို အောက် LED မှာပြနေတာကို ဖျော်ဖြေနေချိန်က မသိခဲ့ကြောင်း၊ ဖျော်ဖြေပြီး ဗီဒီယိုတွေ ပြန်ကြည့်မှ သိခဲ့ရတာ ဖြစ်ပြီး ဒီ LED မှာ ထည့်သွင်းပြသခဲ့တဲ့ ဗီဒီယိုတွေက Asia Song Festival 2020 ပွဲကသာ စီစဥ်ခဲ့တာဖြစ်ကြောင်း အသေးစိတ် ရှင်းပြကာ တောင်းပန်ခဲ့ပါတယ်။ ဒီကိစ္စကို Project K အဖွဲ့အနေနဲ့ သိသိချင်း ပြန်လည်တောင်းပန်ခဲ့ပေမယ့်လည်း ဝေဖန်ရှုံ့ချမှုတွေက တစ်ဟုန်ထိုးဖြစ်လို့နေခဲ့သလို မြန်မာနိုင်ငံ လေဆိပ်အထိမှာတောင် Project K အဖွဲ့ကို သွားရောက်ဆန္ဒ ပြမှုတွေ ရှိနေခဲ့ပါတယ်။