ဒီဓာတ်ပုံတွေက ၂၀၂၀ အတွင်းဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ထင်ဟပ်စေပါတယ်။

၂၀၂၀ကတော့ တစ်ကမ္ဘာလုံးကို ဒုက္ခပေးဖို့ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကမ္ဘာကြီးရဲ့နေရာတိုင်းမှာလူသားတွေဟာ ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ဂယက်ကြောင့် လူမှုဘဝနေထိုင်မှု၊ စားဝတ်နေရေးကနေစလို့ နိုင်ငံရေးဖြစ်စဉ်တွေအထိ အလှည့်အပြောင်းကြီးကြီးမားမားတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတာ ဓာတ်ပုံတွေက သက်သေပြနေပါတယ်။

(၁) Level(5) အဆင့်နဲ့မီးလောင်ပျက်စီးခဲ့ရတဲ့ သံဈေး

Level(5) အဆင့်အထိသတ်မှတ်ခဲ့ရပြီး ၃နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရတဲ့ သံဈေးမီးလောင်မှုကိုတော့ ရန်ကုန်သူ/သားတွေမမေ့နိုင်ခဲ့ကြပါဘူး။ ဖေဖေါ်ဝါရီ ၂၀ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ လူပေါင်း ၈၅ယောက်ကျော်ကို မီးသတ်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး မီးသတ်ရဲဘော်တွေရဲ့အနစ်နာခံအသက်စွန့်ကယ်ဆယ်မှုတွေကြောင့် ပြည်သူလူထုရဲ့ချီးကျုးထောပနာပြုသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။ 


(၂) Food Delivery

ကိုဗစ်ကာလအတွင်း လူတွေက အပြင်မထွက်ရတော့ချိန်မှာ အစားအသောက်ကို အိမ်အရောက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေပိုမိုခေတ်စားလာပါ။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေလည်ပတ်ဖို့ခက်ခဲနေချိန်မှာ အစားအသောက်ဝန်ဆောင်မှုပေးတဲ့ Food Delivery လုပ်ငန်းတွေရဲ့အခြေအနေကပိုကောင်းလာခဲ့တာ အဆိုးထဲကအကောင်းပါ။ Stay Home ကာလတွေအတွင်းမှာ အစားအသောက်ပို့ ဝန်ဆောင်မှုဟာ အရှိန်အဟုန်နဲ့ ကြီးထွားသလို လူတွေရဲ့ အဓိက လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ 

(၃) ကြောက်လန့်စိတ်နဲ့ အလုအယက်ဝယ်ယူမှုများ

မတ်လ၂၃ရက်နေ့၊ နံနက်၂နာရီဝန်းကျင်မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ပထမဆုံးကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိခဲ့ပြီလို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီသတင်းက လူထုအကြားလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး Panic Buying လို့ခေါ်တဲ့ အလုအယက်ရိက္ခာဝယ်ယူစုဆောင်းမှုတွေညတွင်းချင်းပဲလူစုလူဝေးနဲ့လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဦးချင်းအသိစိတ်ရော အစိုးရရဲ့တိုက်တွန်းနှိုးဆော်မှုတွေကြောင့်ပါ ရိက္ခာဝယ်ယူစုဆောင်းမှုတွေမရှိတော့တာကို မြင်တွေ့ရပါတယ်။ 

(၄) Stay at Home နဲ့ ရန်ကုန်ရဲ့သမိုင်းဝင်ပုံရိပ်

ကိုဗစ်-၁၉ကူးစက်မှုကိုဖြတ်တောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ် ဧပြီလ၁၈ရက်နေ့မှာ မြန်မာအစိုးရက Stay at Home အမိန့်ထုတ်ခဲ့ပါတယ်။ Stay at Home ဆိုတဲ့အဓိပ္ပာယ်ကို ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေမယ့်လည်း ကပ်ရောဂါဆိုးကိုတိုက်ထုတ်နိုင်ဖို့အတွက် မြန်မာလူထုဟာ ပူးပေါင်းပါဝင်ခဲ့ပြီး သမိုင်းဝင် သင်္ကြန်ပွဲတော်ကြီးကိုပါ လက်လွှတ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကာလက ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ လူတွေလုံးဝမရှိတော့တဲ့ပုံရိပ်တွေကနောင်တစ်ချိန်သမိုင်းဝင်ဖြစ်လာနိုင်တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

(၅) ကိုဗစ်နဲ့ကျောင်းတက်ချိန်

ကိုဗစ်-၁၉ပထမလှိုင်းကာလအတွင်းမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ခက်ခဲခဲ့ပြီး အတန်းအလိုက် စနစ်တကျပြန်ဖွင့်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်ခဲ့ပါတယ်။ အထက်တန်းတွေကို ဇူလိုင်လ၂၁ရက်မှာ ပြန်ဖွင့်ခဲ့ပြီး ပြင်ဆင်မှု Aအဆင့်ရှိတဲ့ကျောင်းပေါင်း ၄၀၀၀ကျော်ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ 

ကျောင်းသား/ကျောင်းသူတွေအနေနဲ့စာသင်ချိန်အတွင်း Mask၊ Face Shield အစရှိတဲ့ကာကွယ်ရေးပစ္စည်းတွေ တချိန်လုံးတက်ထားရတဲ့အပေါ်ဝေဖန်မှုအချို့ရှိခဲ့ပြီး ရောဂါကူးစက်မှုကိုစိုးရိမ်လို့ မိဘအချို့က,ကလေးတွေကို ကျောင်းမလွှတ်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့်လည် ကျောင်းဖွင့်ချိန်ကာလက တစ်လဝန်းကျင်သာရှိခဲ့ပြီး သြဂုတ်လ ၂၃ရက်နေ့မှာတော့ ကိုဗစ်ဒုတိယလှိုင်းကြောင့် စာသင်ကျောင်းတွေကို ပြန်ပိတ်ခဲ့ရပါတယ်။ 


(၆) အလုပ်သွားကြရအောင်

ကိုဗစ်ပထမလှိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဇွန်လအတွင်းမှာ အစိုးရကထုတ်ပြန်ခဲ့ပြီးနောက်မှာ စက်ရုံ/အလုပ်ရုံနဲ့ ရုံးလုပ်ငန်းတွေပုံမှန်ပြန်လည်လည်ပတ်ခွင့်ကို ကိုဗစ်စည်းမျဉ်းနဲ့အညီပြန်လည်ခွင့်ပြုခဲ့ပါတယ်။ သုံးလေလောက်လမ်းတွေပေါ်မှာ ပျောက်ဆုံးနေတဲ့လူတွေကို ဒီကာလမှာ ပြန်မြင်ခဲ့ရပြီး နေ့စဉ်အလုပ်သွား၊ အလုပ်ပြန်ပုံရိပ်တွေနဲ့ ရန်ကုန်ဟာ အရင်အတိုင်းပြန်စည်ကားခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်လူထုရဲ့ရုံးတက်အလုပ်လုပ်ကိုင်ခွင့်ဟာ နှစ်လခန့်သာကြာမြင့်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းကြောင့် စက်ရုံ/အလုပ်ရုံနဲ့ ရုံးတွေ ပြန်လည်ပိတ်သမ်းခဲ့ကြရပါတယ်။ 

(၇) New Normal Life

ကိုဗစ်ကာလအတွင်း တစ်ကမ္ဘာလုံးတွင်တွင်ကျယ်ကျယ်သုံးစွဲနေတဲ့ စကားလုံးကတော့ New Normal Life ပါ။ မြန်မာမှာတော့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ခြင်းဆိုပြီး လှလှပပစကားလုံးနဲ့သုံးစွဲကြပါတယ်။ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရာမှာ ထင်သာမြင်သာတဲ့အရာကတော့ စားသောက်ဆိုင်တွေပါ။ ဆိုင်တွေမှာ စားပွဲခုံအရေအတွက်တွေကို ကန့်သတ်ထားသလို စားပွဲတစ်ဝိုင်းထဲမှာ မှန်ကာပြီးစားသောက်ရတဲ့စနစ်သစ်ကို မြန်မာလူထုအနေနဲ့ ကျင့်သားရအောင်ကြိုးစားခဲ့ရပါတယ်။ New Normal Life ရဲ့မော်ဒန်စားသောက်ဆိုင်တွေက တစ်မျိုးအမြင်ဆန်းခဲ့ပြီး လူတွေကိုသဘောကျအောင်စွဲဆောင်နိုင်ခဲ့တာကတော့ အမှန်ပါပဲ။ 

(၈) သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ ပထမဆုံးတရားစွဲခံခဲ့ရတဲ့ ခရစ်ယာန်တရားဟောဆရာ

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ(၂၅)နဲ့ပထမဆုံးတရားစွဲဆိုခံခဲ့ရတဲ့ ပုဂ္ဂိုလ်က ကနေဒါနိုင်ငံသားခံယူထားတဲ့ မြန်မာသင်းအုပ်ဆရာ စောဒေးဗစ်လားဖြစ်ခဲ့ပါတယ်။ အင်းစိန်မြို့နယ်အတွင်းခွင့်ပြုမိန့်မရှိဘဲ လူစုလူဝေးနဲ့တရားပွဲကျင်းပခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စောဒေးဗစ်လားအပါအဝင်အပေါင်းအပါလေးဦးကို မရမ်းကုန်းမြို့နယ်အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုပြုလုပ်တရားစွဲခဲ့တာပါ။ ဦးစောဒေးဗစ်လားရဲ့တရားပွဲဆက်စပ်မှုကနေ ကိုဗစ်ကူးစက်ခံရသူ ၄၀ဝန်းကျင်ရှိခဲ့တာကိုလည်း မီဒီယာတွေရဲ့ဖော်ပြခဲ့မှုအရသိရပါတယ်။ ဒီအမှုကို ဇွန်လ ၁၈ရက်နေ့မှာစတင်စစ်ဆေးခဲ့ပြီး ဦးစောဒေးဗစ်လားကို ထောင်ဒဏ်သုံးလပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

(၉) ကိုဗစ်ကို တွန်းလှန်ချေမှုန်းနိုင်ခဲ့တဲ့ တီးတိန်က စူပါမင်းကလေး

လူနာအမှတ်(၃၁၈)လို့လူသိများခဲ့တဲ့ တီးတိန်က အသက်(၆)နှစ်အရွယ်ကလေးငယ်ကလေးရဲ့ကိုဗစ်ကိုတွန်းလှန်ပြီးဆေးရုံကဆင်းခဲ့တဲ့ ပုံရိပ်က သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ တီးတိန်ပြည်သူ့ဆေးရုံက ဆရာဝန်တွေရဲ့ကရုဏာနဲ့မေတ္တတရားက ပြောစမှတ်ဖြစ်ခဲ့ပြီး လူနာအမှတ်(၃၁၈)ရဲ့အိမ်အပြန်ခရီးမှာ စူပါမင်းဝတ်စုံအပြင် စက်ဘီးကလေးတစ်စီးနဲ့ကစားစရာအရုပ်တွေကိုပါ လက်ဆောင်အဖြစ်ပေးခဲ့ကြပါတယ်။ ဇူလိုင်လ(၉)ရက်နေ့မှာ MOHS ရဲ့ထုတ်ပြန်ချက်အရ အသက်(၆)နှစ်အရွယ်တီးတိန်က,ကလေးငယ်ဟာ လူနာအမှတ်(၃၁၈)ဖြစ်လာခဲ့ပါတယ်။ စူပါမင်းကလေးရဲ့အိမ်အပြန်ခရီးကို လိုက်လံပို့ဆောင်နှုတ်ဆက်နေကြတဲ့ ဆရာ/ဆရာမတွေနဲ့ကလေးငယ်ရဲ့ပုံရိပ်ကတော့ သမိုင်းဝင်မှတ်တမ်းပုံရိပ်ဖြစ်ခဲ့ရပါတယ်။ 

(၁၀) ကိုဗစ်ကို အံတုယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ

၂၀၂၀အထွေထွေရွေးကောက်ပွဲကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ကူးစက်မှု ပြန်လည်မြင့်တက်နေတဲ့ ကာလမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံရေးသုတေသီတွေက မဲပေးမယ့်ရာနှုန်းကျဆင်းနိုင်တယ်လို့ သတ်မှတ်ခဲ့ပေမယ့် မြန်မာလူထုကတော့ သူတို့နိုင်ငံရေးအသိဘယ်လောက်မြင့်မားကြောင်းကို ကမ္ဘာကိုသက်သေပြနိုင်ခဲ့ပြီး သုံးသပ်ချက်တွေကို တက်တက်စင်လွဲချော်စေခဲ့ပါတယ်။ နိုဝင်ဘာ၁၈ရက်နေ့မနက်အလင်းရောင်မထွက်ခင်အချိန်ကတည်းက တစ်နိုင်ငံလုံးက မဲဆန္ဒရှင်တွေဟာ ကိုယ်မဲပေးရမယ့် နေရာေးသအသီးသီးမှာ အိမ်တွေကနေထွက်လာပြီး အင်တိုက်အားတိုက်မဲပေးခဲ့ကြပါတယ်။ 

ရွေးကောက်ပွဲကာလအပြီးမှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာတယ်လို့ဝေဖန်ခဲ့ကြပေမယ့် မြန်မာလူထုကတော့ အပြုံးမပျက်ခဲ့ဘဲ လက်သန်းမှင်စွန်းနိုင်ခဲ့တာကို ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြပါတယ်။ 

(၁၁) ကိုဗစ်ကိုအံတု အောင်ပွဲခံခဲ့သူများ

၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူအများစုဆန္ဒမဲပေးရွေးချယ်ခဲ့ကြတဲ့ NLD ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရတဲ့ သတင်းကြားပြီးချိန်မှာတော့ တစ်နိုင်ငံလုံးက NLD ထောက်ခံအားပေးသူတွေဟာ ကိုဗစ်ကိုအံတုပြီး လမ်းပေါ်ကို အပြိုင်အဆိုင်အောင်ပွဲခံအခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။ ကိုဗစ်ကူးစက်မှုမြင့်မားနေချိန်မှာ အခုလိုအောင်ပွဲခံတာမျိုးကအစိုးရရဲ့စည်းမျဉ်းကိုချိုးဖောက်ရာရောက်သလိုအစုအလိုက်အပြုံအလိုက်ရောဂါကူးစက်မှုကို အားပေးရာရောက်တယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ 

NLD အစိုးရဘက်ကလည်း ဒါကနိုင်ငံရေးရေချိန်မြင့်နေချိန်မှာ နိုင်ငံတိုင်းကပြည်သူတိုင်းဖြစ်တတ်တယ်လို့ သုံးသပ်ခဲ့သလို အောင်ပွဲခံသူတွေကလည်း ကိုဗစ်အကူးခံရမှာထက် အာဏာရှင်စနစ်ကိုပိုကြောက်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ၁၈ရက်နေ့က နိုဝင်ဘာ ၂၁ရက်နေ့အထိ အောင်ပွဲခံအခမ်းအနားတွေလုပ်ခဲ့ပြီးနောက်မှာတော့ အစိုးရရဲ့မေတ္တာရပ်ခံမှုကြောင့် အောင်ပွဲခံအခမ်းအနားတွေ ရပ်ဆိုင်းခဲ့ကြပါတယ်။ 



Share

Loading Next Article...
က္က