ပြည်သူတွေရော အနုပညာရှင်တွေရော စောင့်မျှော်နေကြတဲ့ ပွဲတွေပါ။

၂၀၂၀ ခုနှစ်ထဲအတွင်း မကျင်းပလိုက်ရတဲ့ ပွဲအခမ်းအနားတွေကတော့ မရေတွက်နိုင်လောက်‌အောင် အများအပြားပါပဲ။ အဲဒီထဲမှာ အနုပညာလောကရဲ့ ဂုဏ်သတင်းအကြီးဆုံးပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် စီစဥ်သူတွေက ဒီနှစ်မှာ ပိုပြီး ထူးထူးကဲကဲလုပ်မယ်လို့ အားခဲထားတဲ့ ပွဲတွေလည်း ဖြစ်နေတဲ့အတွက် အခုလို ပျက်ပြယ်သွားတာက တကယ်ကို စိတ်မကောင်းစရာပါပဲ။

Photo : MOI

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီး


ဒီဆုပေးပွဲကြီးဟာ အနုပညာလောကသားတွေအတွက်သာမက အများပြည်သူ ပရိသတ်တွေအတွက်ပါ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ စောင့်မျှော်နေရတဲ့ ပွဲတစ်ပွဲပါ။ နိုင်ငံတော်အဆင့်ပွဲတစ်ပွဲ ဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း ကြီးကျယ် ခမ်းနားစွာ ပြုလုပ်လေ့ရှိပါတယ်။ ဒီနှစ်ပြုလုပ်မယ့်ပွဲက ၂၀၁၉ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးပါ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ကမ္ဘာ့ကပ်ရောဂါ Covid -19 ကူးစက်ရောဂါကြောင့် ဒီနှစ်မှာ ကျင်းပခွင့်မရခဲ့ပါဘူး။

ဦးညီတို့ ၂၀၁၉ အကယ်ဒမီ ပေးပွဲကြီးကို ခမ်းခမ်းနားနားလုပ်ဖို့ စီစဥ်ထားကြတယ်။ နိုင်ငံခြားမှာရှိတဲ့ ဦးဇင်းကျော်ဟိန်းဆီတောင် သွားပြီး အမှတ်တရ စကားသံတွေအင်တာဗျူးတွေ သွားလုပ်ဖို့ စီစဥ်ထားခဲ့တာ ကိုဗစ်ကြောင့် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဦးညီတို့ ဒီနှစ် အကယ်ဒမီ ပေးပွဲကြီးကို လုပ်မယ်ဆိုရင် ရာပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပရမှာလေ ။ ရာပြည့်ဖြစ်နေတော့လေ အကယ်ဒမီပေးပွဲမှာတောင်မှ အပြင်အဆင်ကို တကယ့် ငွေရတု အထိမ်းအမှတ်ရွှေရတု အထိမ်းအမှတ် ဓာတ်ပုံတွေနဲ့ပြင်ဆင်ဖို့ လုပ်ထားခဲ့တာ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်။



ရုပ်ရှင်အစ

ည်းအရုံးအနေနဲ့ အကယ်ဒမီပေးပွဲက ရတဲ့ စပွန်ဆာငွေကြေးတွေနဲ့ အနုပညာလောကသားတွေ၊ အစည်းအရုံးက ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုတွေ ပြုလုပ်နေရတာ ဖြစ်ပြီး အခုလို မကျင်းပလိုက်ရတဲ့အတွက် ရုပ်ရှင်အစည်းအရုံးအနေနဲ့ ထိခိုက်မှုတွေ များစွာရှိနေခဲ့တယ်လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ စောင့်မျှော်နေကြတဲ့ အကယ်ဒမီ ပေးပွဲကြီးကို အကျဥ်းချုံးပုံစံမျိုးနဲ့ ကျင်းပဖို့ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ကိုသာ အနုပညာလောသားတွေအနေနဲ့ စိတ်အားထက်သန်ကြတာကြောင့် ၂၀၂၁ မှာ ဆုပေးပွဲ ကျင်းပနိုင်အောင် အကောင်အထည် ဖော်သွားမယ်လို့ ဦးညီက ပြောခဲ့ပါတယ်။






ရု

ပ်ရှင်နှစ်(၁၀၀) ပြည့် အခမ်းအနားကြီး


အောက်တိုဘာ (၁၃)ရက်နေ့ဟာ မြန်မာနိုင်ငံ ရုပ်ရှင်စတင်ပေါ်ပေါက်ခဲ့တဲ့ နေတစ်နေ့ပါ၊ ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့မှာဆိုရင် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်နေ့ကြီး ဖြစ်ပါတယ်။ ဒီနှစ်(၁၀၀) ပြည့်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာနဲ့ စည်းကားစွာ ပြုလုပ်ဖို့ ရုပ်ရှင်လောကသားတွေ ၊ နိုင်ငံတော် အကြီးအကဲတွေက အားခဲထားခဲ့တာပါ။ ဒါပေမယ့်လည်း ကိုဗစ် -၁၉ ကပ်ရောဂါအခြေ အနေကြောင့် အွန်လိုင်းကနေ virtual event အဖြစ်သာကျင်းပလိုက်ရပါတယ်။

“ ရုပ်ရှင်နှစ်၁၀၀ ပြည့်မှာ Virtual event ပဲ လုပ်လိုက်ရတယ်။ မြန်မာ့ရုပ်ရှင်အနေနဲ့ဝမ်းနည်းစရာ ကြေကွဲ စရာပေါ့။ ရွှေရတုတုန်းကလည်း စစ်ဖြစ်နေလို့ တစ်နှစ်နောက်ကျပြီး ကျင်းပရတာတွေ ရှိခဲ့ပါတယ်။ စိန်ရတုပဲ သူ့နှစ်နဲ့သူ မှန်မှန်ကန်ကန်လေး ကျင်းပရတာ အခုရာပြည့်လည်း တစ်နှစ်နောက်ကျပြီးကျင်းပမယ်ဆိုလည်း ရပါတယ်။ အခမ်းအနား နှစ်ပတ်လည်က ကျင်းပပြီးသွားပြီ နိုင်ငံတော် ပုဂ္ဂိုလ်တွေလည်း ကြွရောက်ချီးမြှင့်တယ်။ ဒါလေးကလည်း သိုက်သိုက်ဝန်းဝန်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ့်နှစ်စဥ်ကျင်းပတဲ့ စိန်ရတု တို့ ရွှေရတုတို့တုန်းက ဒီလိုမဟုတ်ဘူး ကွင်းကြီးထဲ မှာ အစီအစဥ်တွေ ကဏ္ဍတွေ မျိုးစုံပါတယ်။ ပြဇာတ်တွေ တေးသရုပ်ဖော်တွေ ပါတယ် ပြပွဲတွေပါတယ်၊အများကြီးပဲအမှန်တော့ အဲ့ဒီလိုကျင်းပဖို့ ပြင်ဆင်ခဲ့တာပါ” ဆိုပြီး မြန်မာနိုင်ငံအစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။



ဒါပေမယ့် ရုပ်ရှင်လောကသားတွေဟာ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်အခမ်းအနားအတွက် အားလျော့မသွားကြပါဘူး။ ၂၀၂၁ ကျရင် စီစဥ်ထားသလို ခမ်းခမ်းနားနားသိုက်သိုက်ဝန်းဝန်းနဲ့ ပြန်ကျင်းပနိုင်ဖို့ စိတ်ကူးထားကြပြီး အဲ့လို ကျင်းပနိုင်အောင်လည်း ပြန်လည်စီစဥ်သွားကြမယ်လို့ သိရပါတယ်။

 

Photo : Star Award


Star Award ဆုပေးပွဲကြီး


Star Award ဆုပေးပွဲကြီးဟာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး အနုပညာရှင်တွေအတွက် အကယ်ဒမီဆုပွေးပွဲနည်းတူ ထူးချွန်ဆုတွေ ပေးအပ်တဲ့ ဆုပေးပွဲကြီး တစ်ခုပါ။ ဒီဆုပေးပွဲကြီးဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပြီး သိပ်မကြာခင် လပိုင်းလောက်မှာ ကျင်းပပြုလုပ်တဲ့ပွဲဖြစ်ပြီး၂၀၁၉ခုနှစ် ဧပြီလ(၅)ရက်နေ့က ပထမဆုံး ဆုပေးပွဲ အခမ်းအနားကြီးကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲဟာ ၂၀၁၉ခုနှစ်ကမှ ပေါ်ပေါက်လာတဲ့ ပွဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံရသလို အနုပညာရှင်တွေရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံရတဲ့ ပွဲတစ်ပွဲပါ။ ပထမဆုံး ကျင်းပပြုလုပ်တဲ့ ပွဲဖြစ်မှာ လိုအပ်ချက်တွေ များစွာ ရှိတာကြောင့် ဒုတိယအကြိမ် (၂၀၂၀)ခုနှစ်မှာ ကျင်းပမယ့် ပွဲကို လိုအပ်ချက်တွေပြင်ဆင်ကာ အကောင်းဆုံးဖြစ်အောင်ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခုချိန်ထိ ပွဲအခမ်းအနားကို မကျင်းပဖြစ်သေးပါဘူး။

“အဓိက အစ်ကိုတို့က ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာနေကြတယ်။ ကော်မတီက ထုတ်ပြန်ချက်အပေါ်မူတည်ပြီး အစည်းအဝေးလုပ်ပြီး လုပ်ဖို့အတွက် စီစဥ်ရမှာပေ့ါ။ အစ်ကိုတို့က စတင်မိတ်ဆက်တဲ့ ပထမအကြိမ်အပြီး အခု ဒုတိယအကြိမ် ကတော့ အရှိန်ယူရမယ့် အချိန်မှာ ဒါနဲ့ကြုံတော့ စိတ်မကောင်းတော့လည်း ဖြစ်ရတာပေ့ါ။ ဒါပေမယ့်လည်း အခုကိစ္စက တစ်ကမ္ဘာလုံး ကြုံရတဲ့ ကိစ္စဆိုတော့ လက်ခံရမှာပေ့ါ။ ပထမအကြိမ်က အားနည်းချက်တွေ ရှိတယ် အဲ့အားနည်းချက်တွေကို ပြန်ပြီး ပြန်သုံးသပ်ကြတယ် အချက်အလက်တွေ စုပြီး ဒုတိယအကြိမ်မှာ ဘာတွေ လိုလဲ လိုတဲ့ဟာကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်” လို့Star Awards ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းနေစိုးက Duwun ကို ပြောပါတယ်။

သူတို့အနေနဲ့ Star Award ပွဲကြီးအတွက် ပြင်ဆင်မှုတွေ များစွာပြုလုပ်ပြီး ဖြစ်သလို ဆုရွေးချယ်မှုတွေကိုလည်း ပြုလုပ်ပြီးလို့ သိရပါတယ်။ “အစ်ကိုတို့ပြင်ဆင်ထားမှုတွေက ဆုရွေးချယ်တာနဲ့ ပတ်သက်ပြီး အကုန်ပြီးပြီ။ ချိတ်ပိတ်ပြီး ဥက္ကဆီ အပ်ထားပြီးပြီ။ ဒါကတော့ ဆုရွေးချယ်ရေးနဲ့ပတ်သက်တာပေ့ါ။ ပွဲအတွက်ကလည်း အခမ်းအနား ပြင်ဆင်ဖို့ နေရာရွေးတာတွေ ညှိနှိုင်းတာတွေ ဒီဇီုင်းဆွဲတာတွေ အားလုံးကလည်း အစ်ကိုတို့ မြေပြင်ပေါ်မှာ မလုပ်ရသေးတာပဲ ရှိတယ်။ အားလုံး ၈၀ ရာခိုင်နှုန်းလောက် ပြီးနေခဲ့ပြီ”လို့ သူက ဆက်လက်ပြောပြပါတယ်။

Star Award ပွဲကြီးကိုတော့ အကယ်ဒမီပေးပွဲ ပြီးတာနဲ့ ကျင်းပနိုင်အောင် စီစဥ်ပြင်ဆင်ထားသလို ၂၀၂၁မှာလည်း အကယ်ဒမီပေးပွဲပြီးတာနဲ့ ကျင်းပနိုင်အောင် ကော်မတီအဖွဲ့က စီစဥ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


၂၀၂၀ ခုနှစ်မှာကိုဗစ်ကြောင့် မလုပ်လိုက်ရတဲ့ ပွဲအခမ်းအနားတွေကို စီစဥ်သူတွေအနေနဲ့ ၂၀၂၁ မှာအကောင်းဆုံး ပုံစံနဲ့ ပြန်လည်လုပ် ဆောင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ စီစဥ်သူတွေလိုပဲ အနုပညာကိုချစ်တဲ့ အနုပညာရှင်တွေကိုချစ်တဲ့ ပရိသတ်တွေကလည်း ဒီအနုပညာပွဲကြီးတွေ စည်စည်ကားကားကျင်းပမယ့်အချိန်ကို စောင့်မျှော်နေကြမှာ အသေအချာပါပဲ။

 

 

 

 

Share

Loading Next Article...
က္က