၂၀၂၀ ကုန်ဆုံးခဲ့ချိန်မှာ ဒီနှစ်အကြောင်း ပြောစရာတွေ အများကြီးရှိခဲ့ကြတဲ့အထဲက နည်းပညာရပ်ဝန်းနဲ့ သက်ဆိုင်တဲ့ သတင်းတချို့ စုစည်းတင်ဆက်ပေးချင်ပါတယ်။
(၁) တစ်ခေတ်ထခဲ့တဲ့ Zoom နဲ့ မကျင်းပဖြစ်တဲ့ ပွဲတွေ
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် Digital ဆက်သွယ်ရေး Tools တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် နေရာရောက်လာခဲ့ပါတယ်။ အွန်လိုင်းသင်ခန်းစာတွေ သင်ယူဖို့ ၊ အလုပ်မီတင်တွေ လုပ်ဖို့ ၊ ဝေးကွာနေကြတဲ့ မိသားစုဝင်တွေ တွေ့ဆုံဖို့ကနေ ထုတ်ကုန်သစ်မိတ်ဆက်ပွဲနဲ့ နည်းပညာနှီးနှောဖလှယ်ပွဲတွေ လုပ်ဖို့အထိပါ Video Conferencing တွေဟာ အရေးပါလာပါတယ်။
Photo: Time
နာမည်ကျော် Video Conferencing Tools တစ်ခုဖြစ်တဲ့ Zoom တည်ထောင်သူ အဲရစ်ယွမ်ဟာ Time Magazine ရဲ့ ၂၀၂၀ အတွက် Business Person of The Year အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ Zoom အပြင် Google Meet ၊ Microsoft Teams ၊ Messenger စတဲ့ ပလက်ဖောင်းတွေဟာ ၂၀၂၀ မှာ လူသုံးအများဆုံး ဒစ်ဂျစ်တယ်ဆက်သွယ်ရေး Tools တွေ ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ COVID-19 ကြောင့် နည်းပညာလောကက အထင်ကရပွဲကြီးတွေ ပျက်သွားခဲ့ပါတယ်။ CES 2020 တစ်ပွဲပဲ ဖြစ်ဖြစ်မြောက်မြောက် ကျင်းပနိုင်ခဲ့ပြီး MWC ၊ IFA ၊ Computex စတဲ့ပွဲတွေ ပျက်ခဲ့သလို စမတ်ဖုန်းမိတ်ဆက်ပွဲတွေအားလုံးလည်း အွန်လိုင်း Live Launch အနေနဲ့ပဲ ကျင်းပဖြစ်ခဲ့ပါတယ်။
(၂) အလုပ်ရပ်နားခံရသူတွေနဲ့ ချမ်းသာပြီးရင်း ချမ်းသာသွားကြသူတွေ
COVID-19 ကပ်ဘေးမှာ Uber ဟာ မောင်းသူမဲ့ကားလုပ်ငန်းကို ရောင်းချခဲ့သလို ဝန်ထမ်းအင်အားလျှော့ချမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလထဲမှာ Uber ဟာ အချိန်ပြည့်ဝန်ထမ်း ၃၇၀၀ လျှော့ချမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ Google ပိုင် GPS လမ်းညွှန်ဝန်ဆောင်မှုဖြစ်တဲ့ Waze ကလည်း ဝန်ထမ်းအင်အား ၅ ရာခိုင်နှုန်း လျှော့ချသွားမယ်လို့ ဆိုခဲ့ပါတယ်။
Photo: Engadget
Mozilla Corporation ကလည်း ဝန်ထမ်းအင်အား လေးပုံတစ်ပုံကို လျှော့ချခဲ့ပါတယ်။ အမေရိကန်အစိုးရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အထိနာနေတဲ့ Huawei ကလည်း အိန္ဒိယမှာ ရှိတဲ့ ဝန်ထမ်းအင်အား ၇၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အမြတ်အစွန်းရဖို့ ရုန်းကန်နေရတဲ့ Lime စကူတာအငှားဝန်ဆောင်မှုလုပ်ငန်းဟာ ဝန်ထမ်း ၁၀၀ ခန့် အလုပ်ဖြုတ်ခဲ့သလို ဈေးကွက် ၁၂ နေရာကနေလည်း ထွက်ခွာသွားတော့မယ်လို့ ဆိုပါတယ်။
အခုလို အလုပ်အကိုင်တွေ အဆင်မပြေဖြစ်သူတွေ ရှိကြပေမယ့် Video Conferencing ပလက်ဖောင်းတည်ထောင်သူတွေ ဝင်ငွေထိုးတက်ခဲ့တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။ Zoom ဆိုရင် ၂၀၂၀ ဟာ သူ့နှစ် ဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာက Zoombombing လို ဖိတ်မထားသူတွေ ဝင် Join နိုင်တဲ့ လုံခြုံရေးပြဿနာတွေလည်း ကြုံခဲ့ရပြီး end-to-end encryption လုံခြုံရေးနည်းပညာသစ်တွေနဲ့ ပေးပြီး ဖြေရှင်းခဲ့ပါတယ်။
e-commerce marketplace ကြီးကို လွှမ်းမိုးထားတဲ့ Amazon ကလည်း ကပ်ဘေးအတွင်းမှာ အကြီးအကျယ် အလုပ်ဖြစ်ခဲ့ပြီး စံချိန်တင် ဝင်ငွေရရှိခဲ့ပါတယ်။ Amazon ရဲ့ တတိယသုံးလပတ်ရောင်းအားဟာ ဒေါ်လာ ၉၆.၁ ဘီလျံဖိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံအထိ ရှိခဲ့ပါတယ်။ ပြဿနာတစ်ခုက COVID-19 ကပ်ဘေးအတွင်း ကုမ္ပဏီရဲ့ အလုပ်သမားတွေကို အတင်းအကြပ်စေခိုင်းမှုတွေနဲ့ ဝန်ထမ်းပေါင်း ၂ သောင်းနီးပါး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ခဲ့တာတွေကြောင့် ဆန္ဒပြခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
(၃) စက်ရုပ်နည်းပညာသုံးလာတဲ့ ဆေးရုံနဲ့ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံက ဒါဇင်နဲ့ချီတဲ့ မြို့တွေမှာ လူစုလူဝေးထိန်းချုပ်ဖို့နဲ့ ပိုးသတ်ဆေးဖြန်းဖို့အတွက် နည်းပညာမြင့်ဒရုန်းတွေ စတင် အသုံးပြုခဲ့ကြပါတယ်။ ဒီဒရုန်းတွေမှာ တပ်ဆင်ထားတဲ့ စပီကာကနေ Mask တပ်မထားသူတွေကို Face Mask တပ်ဆင်ဖို့ ညွှန်ကြားမှုတွေပါ လုပ်ဆောင်ခဲ့တာပါ။
နောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံကြီးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့အတွက် ဒရုန်းတွေအပြင် ဆေးရုံသုံး စက်ရုပ်များ ၊ ကိုယ်အပူချိန်တိုင်းပေးနိုင်တဲ့ စက်ရုပ်များ ၊ ဆေးဝါးနဲ့ အစားအသောက် ပို့ဆောင်ရေးစက်ရုပ်များလည်း သုံးလာကြပါတယ်။ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ စပိန်ဟာလည်း COVID-19 ကူးစက်ခြင်း ရှိမရှိ စစ်ဆေးဖို့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးနိုင်မယ့် စက်ရုပ်တွေ သုံးခဲ့ကြပါတယ်။
Photo: National Geographic
၂၀၂၀ နှစ်ဆန်းပိုင်းကစပြီး COVID-19 နဲ့ ဆက်စပ်နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ပျမ်းမျှတစ်နေ့ကို အကြိမ်ပေါင်း ၂၆၀၀ ကျော် ရှိလာတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ domain ထဲမှာ corona သို့မဟုတ် covid ဆိုပြီးပါတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဖိုင်နာမည်တွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဇန်နဝါရီ လကစပြီး ၄ လအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ domains ပေါင်း ၅၁၀၀၀ ကျော် မှတ်ပုံတင်ခဲ့ပြီး ဒီထဲမှာ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေလည်း ပါဝင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အမေရိကန် ၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ဆေးဝါးထုတ်လုပ်ရေး သုတေသနမှ သတင်းအချက်အလက်တွေကို ရုရှားထောက်လှမ်းရေးနဲ့ ဆက်စပ်နေတဲ့ ဟက်ကာတွေက ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး မော်စကိုဘက်က ဒီသတင်းကို ငြင်းပယ်ခဲ့ပါတယ်။ ဇူလိုင်လထဲမှာပဲ COVID-19 ဆေးဝါးဖွံ့ဖြိုးရေး သုတေသနအချက်အလက်တွေကို ခိုးယူနေတယ်ဆိုတဲ့ တရုတ်ဟက်ကာနှစ်ဦးကို အမေရိကန်တရားရေးဌာနမှ စွဲချက်တင်ခဲ့ပါတယ်။
အောက်တိုဘာလထဲမှာလည်း COVID-19 ဆေးဝါး ဖော်ထုတ်နေတဲ့ ဂျပန်သုတေသနအဖွဲ့အစည်းတချို့ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပြီး တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံဘက်က လာတာ ဖြစ်တယ်လို့ အမေရိကန်သတင်းအချက်အလက်လုံခြုံရေးအဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။
(၄) မီးခိုးမဆုံး မိုးမဆုံးဆဲ ရုတ်ကုမ္ပဏီတွေနဲ့ အမေရိကန်တွေရဲ့ ပြဿနာ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှု ပြင်းထန်ခဲ့ပါတယ်။ ၂၀၂၀ စက်တင်ဘာလထဲမှာပဲ အမေရိကန်နိုင်ငံ စီးပွားကူးသန်းဌာန DoC ဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ app stores တွေကနေ TikTok နဲ့ WeChat တို့ကို ပိတ်ပင်သွားမယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ TikTok နဲ့ WeChat တို့ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ByteDance နဲ့ Tencent တို့ကို ပိုင်ဆိုင်ထားတဲ့ apps တွေ ဖြစ်ပါတယ်။
နောက်ပိုင်းတော့ TikTok ဟာ Walmart နဲ့ စီးပွားရေးမိတ်ဖက်အဖြစ် လက်တွဲလိုက်ပြီး Oracle ကိုလည်း Cloud Provider အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Oracle ဟာ TikTok မှာ ရှယ်ယာ ၁၂.၅% နဲ့ အနည်းစုရှယ်ယာပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ CNBC သတင်းအရ Walmart ဟာ TikTok မှာ ရှယ်ယာ ၇.၅% ဝယ်ယူဖို့ မူအားဖြင့် သဘောတူညီမှု ရထားတယ်လို့ ဖော်ပြထားပါတယ်။
Photo: thewrap
နောက်ထပ်မပြီးပြတ်သေးတဲ့ တရုတ်နည်းပညာကုမ္ပဏီနဲ့ အမေရိကန်အစိုးရတို့အကြား တင်းမာနေတဲ့ ပြဿနာတစ်ခုက Huawei နဲ့ZTE တို့ကို စီးပွားရေးပိတ်ဆို့အရေးယူမှုပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ အမေရိကန် စက်မှုနဲ့လုံခြုံရေးဗြူရို (BIS) ဟာ ၂၁ နိုင်ငံမှာ ရှိတဲ့ Huawei နဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိနေတဲ့ ကုမ္ပဏီပေါင်း ၃၈ ခုစလုံးကို ပိတ်ပင်ခဲ့ပါတယ်။
အမေရိကန်နည်းပညာနဲ့ ထုတ်ကုန်တွေ ဝယ်ယူခွင့် ပိတ်ခံရတာကြောင့် Huawei စမတ်ဖုန်းချပ်စ် ထုတ်လုပ်မှုပိုင်း ထိခိုက်လာသလို စမတ်ဖုန်းထုတ်လုပ်မှုလည်း လျှော့ချလာနေရပါတယ်။ Huawei အတွက်် အထိနာဆုံးကိစ္စတစ်ခုက ကုမ္ပဏီရဲ့ လက်အောက်ခံ တန်ဖိုးနည်းစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Honor ကို Shenzhen Zhixin New Information Technology ကို ပြီးခဲ့တဲ့နိုဝင်ဘာလလယ်လာက်မှာ ရောင်းချလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ယူကေလို အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတချို့ကလည်း နိုင်ငံ့ရဲ့ 5G ကွန်ရက်ကနေ Huawei ကို ဖယ်ထုတ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရကလည်း အနာဂါတ်မှာ Huawei နဲ့ ZTE တို့လို တရုတ်ကုမ္ပဏီတွေဆီက ပစ္စည်းအစိတ်အပိုင်း သုံးစွဲမှု ရှောင်ရှားဖို့ အိန္ဒိယတယ်လီကွန်းကုမ္ပဏီတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ တရုတ်ဟာ လာဒက်နယ်စပ်စည်းရိုးအနီး လူသေဆုံးစေတဲ့အထိ တင်းမာမှု ဖြစ်ပြီးနောက် တရုတ်နဲ့ ဆက်စပ်နေတဲ့ Apps ပေါင်း ၁၀၀ ကျော်ကို အိန္ဒိယအစိုးရက ပိတ်ပင်ခဲ့ပါတယ်။
(၅) ဂိမ်းကုမ္ပဏီတွေရဲ့ ပြဿနာနဲ့ ဆက်စပ်လာတဲ့ အင်အားကြီးနည်းပညာကုမ္ပဏီတို့ရဲ့ အားပြိုင်မှု
COVID-19 ကပ်ဘေးအတွင်းမှာ မိုဘိုင်းဂိမ်းကစားမှု ပိုမြင့်တက်လာခဲ့ပါတယ်။ မိုဘိုင်းလ်ဂိမ်းဈေးကွက်ဟာလည်း ဒေါ်လာဘီလျံရာပေါင်းများစွာ တန်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဒီနှစ်မှာ ကမ္ဘာ့မိုဘိုင်းဂိမ်းဈေးကွက်ဟာ ဒေါ်လာ ၁၆၅.၉ ဘီလျံအထိ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မိုဘိုင်းလ်ဂိမ်းကစားသူ သန်း ၅၈၆ ရှိပြီး ဒုတိယအများဆုံး မိုဘိုင်းလ်ဂိမ်းကစားသည့် အမေရိကန်နိုင်ငံမှာ ကစားသူ ၂၀၉.၅ သန်းရှိတာပါ။
Photo: Clout News
မိုဘိုင်းလ်ဂိမ်းလောကမှာ ထူးခြားတဲ့ သတင်းတစ်ခုက ဒီနှစ်ထဲမှာ Fortnite ဂိမ်းရေးဆွဲတဲ့ Epic Games နဲ့ Apple ၊ Google တို့အကြား ပြဿနာတက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ Apple နဲ့ Google တို့ဟာ Fortnite ဂိမ်းအတွင်းပါရှိတဲ့ in-app payment ကြောင့် App Store နဲ့ Playstore တို့ကနေ ဒီဂိမ်းကို ဖြုတ်ချခဲ့တာပါ။ ဒီလို ဖြုတ်ချခဲ့တဲ့အတွက်လည်း Fortnite ကို ရေးဆွဲတဲ့ Epic Games ဟာ Apple နဲ့ Google တို့ကို ကို တရားပြန်စွဲခဲ့ပါတယ်။
Apple နဲ့ ငြိနေတဲ့ Facebook ကလည်း Epic Games ဘက်က ထောက်ခံကူညီခဲ့ပါတယ်။ Facebook ဟာ iOS 14 privacy features အပြောင်းအလဲသစ်ကြောင့် စီးပွားရေးလုပ်ငန်းငယ်တွေရဲ့ ဈေးကွက်နဲ့ ကြော်ငြာကဏ္ဍထိခိုက်နိုင်တယ်လို့ သူ့ပလက်ဖောင်းမှာ သတိပေးခဲ့ပါတယ်။ iOS 14 သစ်မှာ ခြေရာခံမှုကို ခွင့်ပြုမည် နဲ့ ခြေရာမခံရအောင် App ကို တောင်းဆိုမည် ဆိုပြီး options နဲ့ အသိပေးတာ ဖြစ်ပါတယ်။ အပေါ်မှာလည်း သင့်အချက်အလက်ကို သင့်အတွက် ပုဂ္ဂိုလ်ရေးကြော်ငြာတွေ ပေးပို့ဖို့ သုံးလာမယ်လို့ အသိပေးထားတာပါ။
Apple ရဲ့ လုပ်ရပ်ဟာ စီးပွားရေးလုပ်ငန်းများ ကြီးထွားရေးနဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ထိပါးကြောင်း Facebook က ဝေဖန်ခဲ့သလို Appleကို တိုက်ခိုက်ခဲ့တဲ့ စာမျက်နှာပြည့်ကြော်ငြာတစ်ခုကိုလည်း အမေရိကန်သတင်းစာ ၃ စောင်ထက်မနည်းမှာ ကြော်ငြာထည့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Facebook ဟာ Apple ဟာ Apple စာမျက်နှာကို အတည်ပြုထားတဲ့ Blue Tick ပါ ဖယ်ရှားပစ်ခဲ့ပါတယ်။
Apple နဲ့ Facebook တို့ရဲ့ ဖိုက်တင်ကို နောက်နှစ်မှာ ထပ်ပြီး မြင်ရဖို့လည်း ရှိပါတယ်။
Share