ဆက်တိုက်ဂိုးပေးနေရတဲ့ စပါးဟာ လိဒ်ကို ပေးဂိုးမရှိအောင် စွမ်းဆောင်ပြခဲ့ပါတယ်။

စနေနေ့မှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့အစောဆုံးပွဲစဉ်မှာတော့ ရလဒ်တွေဆက်တိုက်ကျဆင်းခဲ့တဲ့ မော်ရင်ဟိုရဲ့ စပါးဟာ အိမ်ကွင်းမှာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ သရေပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပါးဟာ ခြေစွမ်းပြနေတဲ့ လိဒ်ယူနိုက်တက်ကို အနိုင်ယူပြခဲ့ပြီး နည်းစနစ်ဆရာကြီးဘီယဲလ်ဆာအတွက်တော့ ယူနိုက်တက်ကို ဂိုးပြတ်ရှုံးအပြီး နောက်တစ်ကြိမ် ဂိုးပြတ်ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ပွဲချိန်အစောပိုင်းမှာ လိဒ်ယူနိုက်တက်က ဂိုးပေါက်ကန်သွင်းခွင့်တွေ၊ အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းအားနည်းခဲ့လို့ ဂိုးမရခဲ့ပါဘူး။ စပါးကတော့ ဖြည်းဖြည်းနဲ့မှန်မှန်ကစားပြီး လိဒ်ကို သူတို့ရဲ့ကစားကွက်အောက်ရောက်ဖို့ကိုသာ ဦးစားပေးနေခဲ့ပြီး မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ကာ ပွဲချိန် ၂၉ မိနစ်မှာတော့ ပယ်နယ်တီကတဆင့် ဟယ်ရီကိန်းရဲ့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ 


ဦးဆောင်ဂိုးရပြီးနောက်မှာ စပါးက ပိုမိုကောင်းမွန်လာခဲ့ပြီး လိဒ်ကို ဖိအားပေးခဲ့ပါတယ်။ လိဒ်က အပြန်အလှန်ကစားနိုုင်စွမ်းရှိပေမယ့်လည်း တိုက်စစ်ပိုင်းက အားနည်းချက်တွေကြောင့် ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ရပြီး ၄၃ မိနစ်မှာ ကိန်းရဲ့ ဖန်တီးပေးမှုကနေ ဆွန်ဟောင်မင်က ပညာသားပါပါနဲ့ အလိုက်သင့်ပိတ်သွင်းယူခဲ့လို့ စပါးတို့ ဒုတိယဂိုးရခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီးနောက် ငါးမိနစ်အကြာမှာ စပါးတို့ တတိယဂိုးရခဲ့ပြီး ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။ အယ်လ်ဒါဝီရယ်ရဲ့ ခေါင်းတိုက်သွင်းယူမှုကို လိဒ်ဂိုးသမားကာကွယ်နိုင်ခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးစည်းကျော်ခဲ့တာကြောင့် ဂိုးပေးခဲ့ရပြီး မော်ရင်ဟိုရဲ့ အသင်းဟာ ပွဲကို ပိုပြီးသက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ကာ နိုင်ပွဲရဖို့ သေချာသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်က စပါးအတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး အမှတ်တရပွဲဖြစ်လာခဲ့ကာ သူနဲ့ ဟယ်ရီကိန်းတို့ရဲ့ အတွဲအဖက်က အလုပ်ဖြစ်နေဆဲဖြစ်ပါတယ်။ ဘီယဲလ်ဆာကတော့ သူ့ကစားဟန်အတိုင်း မြန်နှုန်းမြင့်ကစားဟန်နဲ့ ပွဲအစအဆုံးကစားခဲ့ပြီး မော်ရင်ဟိုကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်ဘုရင်ကြီးကိုတော့ ကျော်ဖြတ်နိုင်ဖို့ ခက်ခက်ခဲခဲအားထုတ်ခဲ့ရကာ ချေပဂိုးတောင်မရဘဲ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးဟာ အဆင့် ၃ နေရာထိ တက်လှမ်းလာခဲ့ပြီး လီဗာပူးလ်၊ ယူနိုက်တက်တို့နဲ့ လေးမှတ်အကွာမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က