ကူးစက်မှုမြင့်မားနေပေမယ့် ပုံမှန်အတိုင်းဆက်လက်ကစားသွားမှာပါ။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာခဲ့လို့ အင်္ဂလန်နိုင်ငံတဝှမ်းလုံးကို တင်းကျပ်တဲ့ Lockdown ချမှတ်မှုတွေ ပြုလုပ်ခဲ့ရချိန်မှာ ပရီးမီးယားလိဂ်မှာလည်း တစ်ပတ်အတွင်း ကူးစက်ခံရမှုဟာ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်းမှာ ကစားသမားနဲ့ အသင်းဝန်ထမ်း စုစုပေါင်း ၄ဝဦးအထိ ကူးစက်ခံခဲ့ရပြီး ဒါဟာ အမြင့်ဆုံးပမာဏဖြစ်လာခဲ့ပါတယ်။



တချိန်တည်းမှာပဲ လိဂ်အနေနဲ့ ဘောလုံးပွဲတွေကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်ကစားသွားနိုင်မယ်လို့ ယုံကြည်နေပြီး ကလပ်အသင်းတွေကို တစ်ပတ်မှာနှစ်ကြိမ်အထိ ဆေးစစ်မှုတွေပြုလုပ်သွားဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။ ဒါကြောင့် လိဂ်ကို ရပ်နားဖို့အစီအစဉ်မရှိဘဲ ပုံမှန်ပွဲစဉ်ဇယားအတိုင်းသာ ဆက်လက်ကစားသွားမယ်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဆေးစစ်ခဲ့သူပေါင်း ၁၃၁၁ ဦးမှာ ကူးစက်ခံရသူ ၂၈ ဦးအထိ တွေ့ရှိခဲ့ရပြီး ဇန်နဝါရီ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ၉၈၄ ဦးကို ဆေးစစ်ခဲ့ရာမှာ ၁၂ဦးအထိ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပြီး ကူးစက်ခံရသူအရေအတွက်ဟာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Lockdown ချမှတ်ထားပေမယ့်လည်း ပရော်ဖက်ရှင်နယ်အားကစားပွဲတွေကိုတော့ ဆက်လက်ခွင့်ပြုထားဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ပွဲစဉ်ပေါင်း ၃ပွဲအထိတော့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ကူးစက်ခံရမှုအမြင့်ဆုံးအသင်းအဖြစ်ရှိနေပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ချယ်လ်ဆီးနဲ့ပွဲကို ကစားသွားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ကူးစက်ခံရတဲ့ ကစားသမား ဒါမှမဟုတ် ဝန်ထမ်းတွေကို ၁၀ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်နေစေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ လိဂ်ပွဲတွေကို ရပ်နားသွားမလားလို့ စိုးရိမ်နေတဲ့ ပရိသတ်တွေကို စိတ်အေးစေခဲ့ရပြီး ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဆက်လက်ကစားသွားမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က