စွန့်ပစ်နာနတ်ရွက်တွေကို အကျိုးရှိရှိ သုံးနိုင်တော့မှာပါ

မလေးရှားနိုင်ငံမှ သုတေသနပညာရှင်တွေဟာ ဒရုန်းဖရိမ်တွေ တည်ဆောက်ဖို့အတွက် စွန့်ပစ်ထားတဲ့ နာနတ်ပင်အရွက်တွေကနေ အသုံးချနိုင်မယ့် နည်းလမ်းကို ဖန်တီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Putra University မှ ပါမောက္ခ မိုဟာမက်တာရစ်ဟာမီးဒ်ဆူလ်တန်ဦးဆောင်တဲ့ အဖွဲ့ဟာ ဟူလူလန်ဂါတ်မှ လယ်သမားများ စွန့်ပစ်ထားတဲ့ နာနတ်ပင်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဒရုန်းတည်ဆောက်မှုမှာ သုံးနိုင်အောင် ကြိုးပမ်းခဲ့တာပါ။ ဒီသုတေသနပညာရှင်တွေဟာ နာနတ်ပင်ရဲ့ အရွက်တွေကနေ အကြမ်းခံမှုမြင့်မားပြီး ပေါ့ပါးတဲ့ ပစ္စည်းတစ်မျိုးကို ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။





နာနတ်ရွက်ကနေ ထုတ်လုပ်တဲ့ အမျှင်နဲ့ လုပ်ထားတဲ့ ဒရုန်းကိုယ်ထည်ဟာ ပုံမှန်ဓါတုချည်မျှင်တွေနဲ့ ထုတ်ထားတဲ့ ဖရိမ်တွေထက် အကြမ်းခံမှုနဲ့ အလေးချိန်အချိုးမှာ ပိုမြင့်တယ်လို့ Reuters သတင်းက ဆိုပါတယ်။ ဒီထုတ်ကုန်တွေဟာ စရိတ်စကလည်း သက်သာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့လည်း ကိုက်ညီမှု ရှိတယ်လို့ ဖော်ပြထားပါတယ်။

နာနတ်ရွက်နဲ့ ထုတ်ထားတဲ့ ဒရုန်းပျက်တစ်စီးဟာ နှစ်ပတ်အတွင်း ဆွေးမြေ့ပျက်စီးသွားမှာ ဖြစ်တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ဒီနည်းပညာသုံးထားတဲ့ ဒရုန်းနမူနာတွေကို ပျံသန်းစေရာမှာလည်း တခြားဒရုန်းတွေလို မီတာ ၁၀၀၀ ဝန်းကျင် (ပေ ၃၂၈၀) ခန့် ပျံသန်းနိုင်ပြီး လေထဲမှာ မိနစ် ၂၀ ခန့် နေနိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

သုတေသီတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ ဓါတ်ပုံရိုက်ကူးရေးအာရုံခံစနစ်တွေလိုမျိုး ပစ္စည်းကိရိယာတွေ တပ်ဆင်နိုင်တဲ့ ဒရုန်းကြီးတွေ ထုတ်ဖို့ပါ ရည်ရွယ်ထားတာပါ။ ဒီပရောဂျက်ကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ယခင်က နာနတ်တောင်သူတွေဟာ သီးနှံသိမ်းချိန်မှာ ကျန်ခဲ့တဲ့ နာနတ်ရွက်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပြီး အခုဆို စွန့်ပစ်နာနတ်ရွက်တွေကနေ မီးခိုးအစား ရွှေဖြစ်စေမယ့်လမ်းစ ပေါ်လာပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က