သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံမှ ထုတ်ထားတဲ့ မိုဘိုင်းလ် App ၈ ခုကို ပိတ်ပင်ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။
အမျိုးသားလုံခြုံရေးနဲ့ သုံးစွဲသူအချက်အလက်ဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်နိုင်ကြောင်း ယူဆတာကြောင့် တရုတ် app ၈ ခုကို အမေရိကန်မှာ ပိတ်ပင်ဖို့ အမိန့်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့်မှ လက်မှတ်ရေးထိုးလိုက်တာပါ။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ဒီအမိန့်အရ Tencent QQ ၊ CamScanner ၊ SHAREit ၊ VMate ၊ Alipay ၊ QQ Wallet ၊ WeChat Pay နဲ့ WPS Office တို့ကို ၄၅ ရက်ကြာပြီးနောက် အမေရိကန် Google Play Store ကနေ ဖယ်ရှားသွားမယ်လို့ GSMArena သတင်းက ဆိုပါတယ်။
Photo: AP News
"အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ တရုတ်နဲ့ ဆက်စပ်နေတဲ့ ဆော့ဖ်ဝဲလ်အက်ပလီကေးရှင်းတွေကို develop လုပ်သူနဲ့ ထိန်းချုပ်သူတွေအပေါ် အရေးယူမှုလုပ်ရမယ် " လို့ အမိန့်မှာ ဖော်ပြထားပါတယ်။
အခု အပိတ်ခံရမယ့် app ၈ မျိုးထဲက Alipay နဲ့ WeChat Pay တို့ဟာ အမေရိကန်လက်လီစတိုးတချို့မှာ လက်ခံအသုံးပြုနေတဲ့ မိုဘိုင်းငွေပေးချေရေး apps တွေ ဖြစ်ကြပြီး အဓိကအားဖြင့် တရုတ်ခရီးသွားနဲ့ အလည်အပတ်လာရောက်သူတွေ သုံးကြတာ ဖြစ်ပါတယ်။ ဒီ Apps တွေ အမေရိကန်မှာ အပိတ်ခံရတဲ့အပေါ် ပိုင်ရှင်တွေဖြစ်တဲ့ Ant Group နဲ့ Tencent တို့က လောလောဆယ် မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
အမေရိကန်အစိုးရဟာ တရုတ်လူမှုကွန်ရက်အက်ပ်ဖြစ်တဲ့ TikTok နဲ့ တယ်လီကွန်းကုမ္ပဏီ Huawei တို့ကိုလည်း ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အမေရိကန်အစိုးရဟာ TikTok ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ByteDance ကို အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုများ ဖျက်သိမ်းဖို့ဖြစ်ဖြစ် ရောင်းချဖို့ဖြစ်ဖြစ် လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။ သတ်မှတ်နောက်ဆုံးရက် ကျော်သွားပြီ ဖြစ်ပေမယ့် အမေရိကန်အစိုးရဟာ TikTok app ကို ဖျက်သိမ်းခြင်းမရှိသေးဘဲ ဆက်လက်ညှိနှိုင်းဆဲ ဖြစ်ပါတယ်။
Photo: The Week
ပြီးခဲ့တဲ့ လထဲမှာလည်း အမေရိကန် စီးပွားကူးသန်းဌာနဟာ ကုန်သွယ်ရေးနာမည်ပျက်စာရင်းမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ချပ်စ်ကုမ္ပဏီ SMIC နဲ့ ဒရုန်းကုမ္ပဏီ DJI Technology တို့အပါအဝင် ဒါဇင်နဲ့ချီတဲ့ တရုတ်ကုမ္ပဏီတွေကို ထည့်သွင်းခဲ့ပါတယ်။ နယူးယော့ခ်စတော့အိတ်ချိန်း NYSE ဟာ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ တရုတ်တယ်လီကွန်းကုမ္ပဏီကြီး ၃ ခုဖြစ်တဲ့ China Mobile ၊ China Telecom နဲ့ China Unicom တို့ကို စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ဒီတစ်ပတ်တနင်္လာနေ့မှာ ဆုံးဖြတ်ချက် ပြန်ပြင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
တရုတ်မိုဘိုင်းလ် app ၈ ခု ပိတ်ပင်ကြောင်း သမ္မတထရမ့်ရဲ့ ဒီအမိန့်ဟာ နောက်သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပြောင်းအလဲတွေ ရှိလာနိုင်သလားဆိုတာ မသိရသေးပါဘူး။