ပွဲစဉ် ၁၆ အပြီး လီဗာပူးလ်နဲ့ အမှတ်တူ၊ပူးတွဲဦးဆောင်နေတာပါ။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ယူနိုက်တက်က အာဆင်နယ်ကို အရေးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီလိုအရေးနိမ့်ခဲ့မှုကြောင့် သူတို့အသင်းကို ဘယ်သူကမှ အထင်ကြီးမှုမရှိခဲ့ပါဘူး။ ဒီနောက်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဲဗာတန်၊ ဝက်ဘရွန်းနဲ့ ဆောက်သမ်တန်တို့ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့ကို ချန်ပီယံလိဂ်မှာ ဆက်တိုက်ရှုံးပြီး အုပ်စုအဆင့်က ထွက်ခွာခဲ့ရလို့ တော်တော်လေးဝေဖန်ခံခဲ့ရပါတော့တယ်။ အဲဒီအချိန်ကာလတွေမှာ ယူနိုက်တက်အနေနဲ့ လက်ရှိအမှတ်ပေးဇယားမှာ လီဗာပူးလ်နဲ့ ရမှတ်တူရပ်တည်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်ခဲ့မှာမဟုတ်ပါဘူး။ 

ရာသီစချိန်ကတည်းက ရလဒ်တွေဆိုးရွားနေခဲ့ပြီး အိမ်ကွင်းနိုင်ပွဲတောင်မရတော့တဲ့အထိ အခြေအနေဆိုးခဲ့တဲ့ ယူနို်က်တက်က အခုဆိုရင် အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့အသင်းဖြစ်လာပါပြီ။ ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ သူတို့က ရမှတ် ၃၃ မှတ်နဲ့ လီဗာပူးလ်နဲ့တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ ဒုတိယနေရာမှာရှိနေတာပါ။ ဒါပေမယ့် ဘန်လေနဲ့ကစားရမယ့် ပွဲကျန်ကိုသာ သူတို့အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်ကို ၃ မှတ်ပြန်ဖြတ်နိုင်မှာဖြစ်ပြီး ရာသီဝက်ချန်ပီယံအဖြစ်နဲ့တောင် အောင်ပွဲခံနိုင်ဖို့ရှိနေပါတယ်။ ရာသီဝက်ကာလကုန်ဆုံးဖို့ကလည်း ၂ ပွဲသာလိုအပ်နေပြီး (ယူနိုက်တက်ကတော့ ၃ပွဲလိုအပ်နေ) ဘယ်အသင်းက ရာသီဝက်ချန်ပီယံဖြစ်လာမလဲ စိတ်ဝင်စားစရာပါ။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်း အခုလိုခေါင်းပြန်ထောင်လာခဲ့မှုက တော်တော်လေးတော့ အံ့အားသင့်စရာကောင်းပါတယ်။ ဆိုခဲ့တဲ့အတိုင်းပဲ သူတို့ကို ပြိုင်ဘက်အသင်းတွေက လုံးဝအထင်ကြီးခြင်းမရှိခဲ့ပါဘူး။ အိမ်ကွင်းမှာပဲ စပါးကို မရှုမလှရှုံးနိမ့်ခဲ့သလို ပဲလေ့စ်ကိုလည်း ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ပွဲစဉ် ၆ ပွဲကစားပြီးချိန်ထိ အိမ်ကွင်းနိုင်ပွဲမရှိသေးတဲ့ အသင်း၊ ရှုံးပွဲ ၃ပွဲတွေ့ပြီး ၂ပွဲနိုင် တစ်ပွဲသရေကျပြီး ၇ မှတ်ပဲရထားတဲ့ အသင်းက လူလေးစားစရာအနေအထားမှာမရှိခဲ့တာအမှန်ပါပဲ။ ဒါပေမယ့်လည်း ပွဲစဉ် ၂ မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့မှုကနေ အစပြုခဲ့တဲ့ သူတို့ရဲ့ အဝေးကွင်းရလဒ်တွေဟာ အသင်းကို ဇယားအထက်ပိုင်းဆီ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားခဲ့ပါတယ်။

ဘရိုက်တန်ကို ၂-၃၊ နယူးကာဆယ်ကို ၁-၄၊ အဲဗာတန်ကို ၁-၃၊ ဆောက်သမ်တန်ကို ၂-၃၊ ဝက်စ်ဟမ်းကို ၁-၃၊ ရှက်ဖီးကို ၂-၃ ဆိုတဲ့ ရလဒ်တွေနဲ့ ယူနိုက်တက်က အဝေးကွင်းမှာ ဆက်တိုက်နိုင်ပွဲတွေရခဲ့ပါတယ်။ အိမ်ကွင်းထက် အဝေးကွင်းရလဒ်ပိုကောင်းနေခဲ့ပြီး အသင်းသမိုင်းတလျှောက်မှာ စံချိန်သစ်တင်နိုင်မှုတွေလည်းရှိခဲ့ကာ ရမှတ်တွေစုဆောင်းနိုင်ခဲ့ပါတယ်။ ပွဲတွေဆက်တိုက်ကစားနေခဲ့ရလို့ ပြိုင်ဘက်အသင်းကြီးတွေ ခြေချော်နေချိန်မှာလည်း ယူနိုက်တက် တည်ငြိမ်မှုရှိနေခဲ့ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ကာ အမှတ်ကွာဟမှုတွေကို လျှော့ချပစ်ခဲ့ပါတယ်။ အခုတော့ ပွဲစဉ် ၁၆ အပြီးမှာ သူတို့က အမှတ်ပေးဇယားကို ပူးတွဲဦးဆောင်နေခဲ့ပါပြီ။ လိဂ်ရှုံးပွဲမရှိတာကလည်း ၁၀ ပွဲဆက်တိုက်ရှိသွားပါပြီ။ ဒီကာလတွေမှာ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်၊ စပါးတို့က ရှုံးပွဲနဲ့ သရေပွဲတွေ တွေ့နေခဲ့ကြပြီး ဆိုးလ်ရှားရဲ့အသင်းက ခေါင်းပြန်ထောင်လာခဲ့ပါတယ်။ 

ယူနိုက်တက်တို့ ခေါင်းထောင်လာခဲ့မှုဟာ အဝေးကွင်းရလဒ်တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ နိုင်ပွဲတွေရခဲ့မှုနဲ့အတူ သူတို့ရဲ့ကစားဟန်ကလည်း အသင်းကြီးအသင်းတစ်သင်းပုံစံမှာရှိလာခဲ့ပြီး အနိုင်ရသင့်ရထိုက်တဲ့ပွဲတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပိုပြီးချီးကျူးရမှာကတော့ သူတို့ရဲ့ အဝေးကွင်းနိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး အံ့အားသင့်ဖွယ်ရာ ပြန်လာနိုင်မှုတွေနဲ့ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာပါ။ တစ်ဂိုးအသွင်းခံရတာကနေ၊ နှစ်ဂိုးအထိအသွင်းခံထားရတာကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းပြီး တချိန်က ဖာဂူဆန်ရဲ့ အသင်းပုံရိပ်ကို ပြန်မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံး ၁၀ ပွဲအတွင်း သူတို့ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ လက်စတာ၊ လိဒ်၊ ဗီလာ၊ ဝုလ်ဗ်၊ မန်စီးတီး၊ ဆောက်သမ်တန်၊ အဲဗာတန်တို့ပါဝင်နေခဲ့ပါတယ်။ အဲဒီအသင်းတွေက ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အသင်းတွေဖြစ်ပြီး ဆိုးလ်ရှားက အရေးမနိမ့်အောင် ကစားနိုင်ခဲ့တာကို ကြည့်ရင် ဒါဟာ ကံကောင်းမှုသက်သက်မဟုတ်တာတော့ သေချာတယ်လို့ ကောက်ချက်ချရမှာပါ။ 

အတည်မပြုနိုင်တဲ့ သတင်းတွေအရဆိုရင် ဆိုးလ်ရှားကို နောက်ကွယ်ကနေ နည်းပြဟောင်းဖာဂူဆန်က အကြံဉာဏ်ပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်နဲ့ ခွဲခြားမရတဲ့ နည်းပြတစ်ဦးအဖြစ် ရှိခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်က တပည့်ဟောင်းနဲ့ အသင်းဟောင်းကို ဒီလိုလုပ်ပေးတယ်ဆိုတာက သိပ်တော့မဆန်းပါဘူး။ ဗိုင်းရပ်စ်ကာလတွင်းမှာတောင် အသင်းပွဲစဉ်တွေကို ကြည့်ခွင့်ရတာနဲ့ လာကြည့်နေတဲ့ ဖာဂူဆန်က နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေကို ကိုင်တွယ်မှုအပိုင်းမှာ ဆိုးလ်ရှားကို ကူညီပေးခဲ့ပုံရပါတယ်။ ဆိုးလ်ရှားက နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းကွင်းလယ်ပိုင်းကို အပြောင်းအလဲတွေ ပြုလုပ်နေပြီး လုပ်သမျှကလည်း အကျိုးထိရောက်နေလို့ ပရိသတ်တွေကိုယ်တိုင် အံ့အားသင့်နေရပါတယ်။ ဒါပေမယ့် ဖာဂူဆန်သာ အမှန်တကယ်ကူညီပေးနေတယ်ဆိုရင်တော့ ဒါက သိပ်အံ့အားသင့်စရာကောင်းတာမျိုး မဟုတ်တော့ပါဘူး။ ဆိုးလ်ရှားနောက်ကွယ်မှာ ဆာအဲလက်စ်ရှိနေမှတော့ ဘာများတတ်နိုင်ဦးမှာလဲလို့သာ ရေရွတ်နေရုံပဲ။ သင်ကြားပေးသူနဲ့ ခံယူသူ နှစ်ဦးနှစ်ဖက်အပေးအယူတည့်ပြီး အသင်းအတွက်အကျိုးရှိနေတာက ယူနိုက်တက်ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်နေမှာပါ။ 

နောက်ထပ်အချက်တစ်ချက်ကတော့ ဆိုးလ်ရှားက သူ့ရဲ့အသင်းဖော်ဟောင်းတွေဆီက အကူအညီကိုယူခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့နည်းပြအဖွဲ့ထဲကို ဒါရင်းဖလက်ချာကို ဆွဲခေါ်လိုက်ပါပြီ။ ဖလက်ချာရဲ့ အရည်အသွေးကိုလည်း ဆိုးလ်ရှားကချီးကျူးခဲ့ပြီး ဖာဂီလက်ထက်မှာ ဂျိုကာတစ်ကောင်လို အသုံးတော်ခံခဲ့တဲ့ စကော့သားက အသင်းဟောင်းကို ကူညီပေးဖို့ အားကျိုးမာန်တက်နဲ့ ရောက်လာခဲ့တာပါ။ နောက်ထပ်ထူးခြားမှုကတော့ ရွိုင်ကိန်းနဲ့ ရွိုင်ယန်ဂစ်တို့ရဲ့ အကူအညီတွေပါပဲ။ ယူနိုက်တက်နဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိမခံတတ်တဲ့ ရွိုင်ကိန်းဟာ အသင်းရှုံးပွဲတွေ့တိုင်းမှာ ပက်ပက်စက်စက်ကို ဝေဖန်ပြစ်တင်နေသူပါ။ မက်ဂွိုင်းယားနဲ့ ဒီဂီယာတို့ကို အသင်းဘတ်စ်ကားနဲ့ မခေါ်လာသင့်ဘူးလို့ လူသိရှင်ကြားပြောခဲ့သူဖြစ်ပြီး အသင်းဟောင်းအပေါ် သံယောဇဉ်တော်တော်ကြီးသူပါ။ အသင်းနိုင်ပွဲရရင်လည်း သူများနဲ့မတူအောင်ကို ချီးမွမ်းတတ်ပြီး စိတ်ဆန္ဒပြင်းပြသူလို့ဆိုရပါမယ်။ ရွိုင်ယန်ဂစ်ကတော့ ညင်သာပျော့ပျောင်းတဲ့သူ့ပုံစံအတိုင်း အသင်းနဲ့ပတ်သက်ပြီး အသံတိတ်ကူညီနေသူပါ။ ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ဖို့အကြံပေးခဲ့သလို အွန်လိုင်းကတဆင့် အရေးပါတဲ့နည်းလမ်းတွေကို ပြောပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဒီကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေ၊ အကြံဉာဏ်တွေကို ဆိုးလ်ရှားက ပစ်ပယ်ထားခြင်းမရှိခဲ့ပါဘူး။ အမြဲတမ်းနားစွင့်နေဟန်ရှိပြီး အကျိုးရှိတဲ့ဘက်မှာ အသုံးချခဲ့တယ်လို့ ယူဆမိပါတယ်။ ဒီကစားသမားတွေရဲ့ ပြောဆိုမှုဟာ လက်ရှိကစားသမားတွေကို မခံချင်စိတ်တွေ၊ ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာစေမှာ သေချာပါတယ်။ အပြောခံရတာကို မကြိုက်ဘူးဆိုရင်တောင်မှ အပြောမခံရအောင် ကြိုးစားဖို့အတွက် ဆိုးလ်ရှားဘက်က ဝေဖန်ပြစ်တင်တာတွေကို အသုံးချပြီး ကောင်းကောင်းကိုင်တွယ်ခဲ့ပုံပါ။ ဒါကြောင့်လည်း အသင်းအခုလိုရလဒ်ကောင်းခဲ့တာဟာ ဒီကစားသမားတွေကြောင့်လို့ သူက ဆိုခဲ့တာပါ။ အသင်းကို တိုက်ရိုက်ကူညီတာမျိုးမဟုတ်ရင်တောင်မှ ဆိုးလ်ရှားက ပေါင်းကူးတံတားတစ်ခုသဖွယ် သူ့ကိုယ်သူအသုံးပြုပြီး အသင်းကို သူတို့ခေတ်ကာလက စိတ်ဓာတ်မျိုးရိုက်သွင်းပြီး တည်ဆောက်နေပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့ နာကြည်းချက်ကိုလည်း အချိန်တိုအတွင်း ဆိုးလ်ရှားက ကုစားနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ အာရုံကို နိုင်ပွဲတွေယူဖို့ဆိုတဲ့ဘက်ဆီပဲ ဦးတည်ပေးနိုင်ခဲ့ပါတယ်။ 

အချုပ်ဆိုရမယ်ဆိုရင်တော့ ယူနိုက်တက်က အခုလို အမှတ်ပေးဇယားထိပ်ကိုပြန်ရောက်လာပြီး ဆုဖလားစိန်ခေါ်လာနိုင်တာဟာ ကံတရားသက်သက်မဟုတ်ဘူးဆိုတာပါပဲ။ သူတို့ရဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှု၊ အဓိကကစားသမားတွေ ဒဏ်ရာပြသနာကင်းစင်နေမှု၊ အသင်းလိုက်ကစားပုံကောင်းမွန်နေပြီး မယုံကြည်နိုင်စရာ ပြန်လာနိုင်တဲ့ နိုင်ပွဲတွေကြောင့်ပါ။ အဲဒါတွေရဲ့ နောက်ကွယ်မှာတော့ ဖာဂူဆန်ရဲ့ ခေတ်ကာလက ယူနိုက်တက်ကစားသမားတွေရဲ့ ပြန်လည်ပေါင်းစည်းမှုနဲ့ ရိုင်းပင်းကူညီမှုတွေက အနည်းနဲ့အများပါဝင်နေလို့ ဒီလိုပုံစံကို ရခဲ့တာလို့ ဆိုချင်ပါတယ်။ ဖာဂူဆန်ဟာ သူ့လက်ထက်မှာ ၉၂ရွှေရောင်မျိုးဆက်တွေနဲ့ အခြားကစားသမားတွေကို ပေါင်းစပ်ပြီး အောင်ပွဲအလီလီရယူပြခဲ့ပါတယ်။ အခုတော့ သူ့တပည့်ဟောင်းဆိုးလ်ရှားက သူ့ခြေရာလိုက်နင်းဖိို့ု ဟန်ပြင်နေပါပြီ။ သူကတော့ မတူညီတဲ့ခေတ်တစ်ခုမှာ မတူညီတဲ့နည်းလမ်းတွေကို အသုံးပြုနေတာပါ။ အသင်းဖော်ဟောင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဆိုးလ်ရှားက ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်လ်ကို ပုံဖော်နေပြီး အားနည်းချက်တွေကတော့ ရှိနေတုန်းပါ။ မပြီးဆုံး၊မပြည့်စုံသေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးပြည့်စုံလာအောင် ဆိုးလ်ရှားပုံဖော်ရပါဦးမယ်။ ဒါတွေကို သူ လုပ်နိုင်ပါ့မလား၊ ဒီဝန်ကို သူထမ်းနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ 

Share

က္က